အစ္စရေးရှိ Al Jazeera ရုံးတွေကို ပိတ်ဖို့ Netanyahu အစိုးရဆုံးဖြတ်

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က သူ့ရဲ့အစိုးရဟာ ဂြိုဟ်တုတီဗီကွန်ရက် Al Jazeera ရဲ့ ဒေသတွင်းလုပ်ကိုင်ဆောင်ရွက်နေတာတွေကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပါတယ်။

မစ္စတာ Netanyahu က ကာတာအခြေစိုက် မီဒီယာအဖွဲ့ကို လှုံ့ဆော်မှုချန်နယ်တစ်ခုအဖြစ် လူမှုမီဒီယာမှာ တနင်္ဂနွေနေ့ကကြေညာခဲ့ပါတယ်။

အဲဒီနေ့နှောင်းပိုင်းမှာပဲ Al Zeera က ကြေညာချက်တစ်စာစောင်ထုတ်ပြန်ပြီး အစ္စရေးရဲ့ အဲဒီဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပါတယ်။ "စာနယ်ဇင်းလွတ်လပ်ခွင့်ကို အစ္စရေးက ဆက်လက်ဖိနှိပ်မှုတွေက ဂါဇာကမ်းမြောင်မှာ သူ့ရဲ့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းမှုအဖြစ် ရှုမြင်ရပြီး နိုင်ငံတကာနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ဆန့်ကျင်ပြီး ရပ်တည်တာဖြစ်တယ်"လို့ အဲဒီကြေညာချက်ထဲမှာ ဆိုထားပါတယ်။

“အစ္စရေးက သတင်းထောက်တွေကို တိုက်ရိုက် ပစ်မှတ်ထားပြီး သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေလုပ်တာဟာ သတင်းတွေရယူဖို့ Al Zeera ရဲ့ ကတိကဝတ်တွေကို ဟန့်တားနိုင်မှာ မဟုတ်ဘူး” လို့ အဲဒီရုပ်သံဌာနက ဆိုပါတယ်။

နိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ယူဆရတဲ့ နိုင်ငံခြားမီဒီယာတွေကို ထိန်းချုပ်ဖို့ အစိုးရကို ခွင့်ပြုခဲ့တဲ့ဥပဒေကို အစ္စရေးပါလီမန်က ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့ပါတယ်။

NHK ရဲ့ ဂျေရုဆလင်ဗျူရိုမှာ Al Jazeera ရဲ့ ထုတ်လွှင့်မှုကိုပြသနေတဲ့ တီဗီဖန်သားပြင်ဟာ တနင်္ဂနွေနေ့လယ်မှာ မှောင်ကျသွားခဲ့ပါတယ်။ အဲဒီအစား ဟေဗြဲစကားလုံးတွေနဲ့ "အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့အညီ အစ္စရေးမှာ Al Zeera ဌာနရဲ့ ထုတ်လွှင့်မှုတွေကို ရပ်တန့်လိုက်ပြီ" လို့ ရေးထားတဲ့စာသား ဖန်သားပြင်ပေါ်မှာ ပေါ်နေပါတယ်။