အသတ်ခံခဲ့ရတဲ့ ဂျပန်လူမျိုး ဆရာဝန် ဦးဆောင်ခဲ့တဲ့ ဆည်မြောင်းစနစ် အာဖဂန်နစ္စတန်မှာ ပြီးစီးခဲ့

ကွယ်လွန်သူ ဂျပန်လူမျိုး ဆရာဝန် Nakamura Tetsu ရဲ့ ခေါင်းဆောင်ကြိုးပမ်းမှုကို ဆက်ခံပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တစ်ခုရဲ့ ထောက်ပံ့မှုနဲ့ အာဖဂန်နစ္စတန်မှာ ရေသွင်းတူးမြောင်းစနစ်သစ်တစ်ခု ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

မစ္စတာ Nakamura ဟာ အာဖဂန်နစ္စတန်မှာ လူသားချင်းစာနာမှု ထောက်ပံ့ရေးကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့တဲ့နောက် ၂၀၁၉ ခုနှစ်မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ သူ့ကို ဘယ်သူက ဘာကြောင့် သတ်ဖြတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ စုံစမ်းစစ်ဆေးမှုဟာ ၂၀၂၁ ခုနှစ်မှာ တာလီဘန် ပြန်လည်အာဏာရခဲ့တဲ့အချိန် မတိုင်ခင်နဲ့ အဲဒီနောက်ပိုင်းမှာ ရပ်တန့်နေခဲ့ပါတယ်။

မစ္စတာ Nakamura က အာဖဂန်နစ္စတန်မှာ ကိုယ်စားပြုလုပ်ဆောင်ခဲ့တဲ့ ဂျပန်က NGO Peshawar-kai ဟာ အဲဒီနိုင်ငံမှာ ဆက်လက်လှုပ်ရှားခဲ့ပါတယ်။

နိုင်ငံအရှေ့ပိုင်းက Nangarhar ပြည်နယ်မှာ စနေနေ့က ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားတစ်ခုမှာ တာလီဘန် အရာရှိတွေနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။ တူးမြောင်းဆောက်လုပ်ရေး ပြီးစီးဖို့ တစ်နှစ်ခွဲလောက် ကြာမြင့်ခဲ့ပါတယ်။

စွမ်းအင်နဲ့ ရေဆိုင်ရာ ယာယီဝန်ကြီး Abdul Latif Mansoor က ဂျပန် NGO ဟာ အဝေးကြီးကရေတွေကို သွယ်ယူသိုလှောင်ရေး ပြောင်မြောက်တဲ့ လုပ်ငန်းကို ပြီးမြောက်အောင်မြင်ခဲ့တယ်လို့ ပြောပါတယ်။ အာဖဂန်နစ္စတန်က လူတွေကို မမေ့ပျောက်ဘဲ သူတို့ရဲ့ နာကျင်မှုတွေကို မျှဝေခံစားရင်း ကူညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

Peshawar-kai ရဲ့ မီးစ် Fujita Chiyoko က အာဖဂန်နစ္စတန်မှာ မိုးခေါင်ရေရှားမှု ပိုပြီး ဆိုးရွားလာနေတယ်လို့ ပြောပါတယ်။ ဆက်လက်ပြီး Dr. Nakamura တည်ထောင်ခဲ့တဲ့ ဒီဆည်မြောင်းစနစ်ကို လူအများအပြား အသုံးပြုနိုင်အောင် ဘေးဒဏ်အကြီးအကျယ်ခံစားနေရတဲ့ဧရိယာတွေမှာ အသုံးချသွားမယ့် သူတို့ရဲ့ လှုပ်ရှားမှုကို သူတို့အဖွဲ့က ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မီးစ် Fujita ကပြောပါတယ်။