အမေရိကန် သမ္မတ ရွေးကောက်ပွဲ ၆ လပဲ လိုတော့တဲ့အချိန်မှာ စစ်တမ်းတွေအရ Trump အနည်းငယ် အသာစီးရနေ

အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ၆ လပဲလိုတော့တဲ့အချိန်မှာ လူထုသဘောထား စစ်တမ်းတွေအရ သမ္မတဟောင်း Donald Trump က လက်ရှိသမ္မတ Joe Biden ကို အနည်းငယ်အသာစီးရနေတာ တွေ့ရပါတယ်။

ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်လောင်း မစ္စတာ Trump ဟာ သူကိုယ်တိုင်ရဲ့ ပြစ်မှုဆိုင်ရာ တရားရုံးကြားနာမှုတွေကို တက်ရောက်ရင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။

လတ်တလောမှာ သူ့ကို နိုင်ငံရပ်ခြားက ခေါင်းဆောင်တွေ လာရောက်တွေ့ဆုံနေကြပါတယ်။

မစ္စတာ Trump ကို မကြာခင်က လာရောက်တွေ့ဆုံသူတွေထဲမှာ ပိုလန် သမ္မတ Andrzej Duda ၊ ဂျပန် အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ Aso Taro တို့လည်း ပါဝင်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး David Cameron လည်း လာရောက်တွေ့ဆုံခဲ့ပါတယ်။

ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban က လူမှုမီဒီယာမှာ မစ္စတာ Trump နဲ့ သူ့ရဲ့ ဆွေးနွေးမှုအကြောင်း ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံရေးနဲ့ပတ်သက်ပြီး နှံစပ်တဲ့ ဂျပန်ကျွမ်းကျင်သူတစ်ဦးက အခုလို ပြင်ပက ခေါင်းဆောင်တွေလာရောက်တွေ့ဆုံကြတာဟာ မစ္စတာ Trump ရဲ့ မဲဆွယ်မှုအတွက် အထောက်အကူဖြစ်စေတယ်လို့ ပြောပါတယ်။

Keio တက္ကသိုလ်က ပါမောက္ခ Watanabe Yasushi က “အမေရိကန် သံတမန်ရေး မူဝါဒတွေဆိုတာ အစိုးရတစ်ရပ် ပြောင်းလဲခဲ့ပြီးနောက်မှာလည်း ဆက်ပြီး အသုံးပြုကြစမြဲဖြစ်ပါတယ်။ ဒါပေမဲ့ မစ္စတာ Trump အာဏာရချိန်မှာ ရာသီဥတုပြောင်းလဲမှု စီမံချက်တွေကနေ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်တွေ၊ မဟာမိတ်ဆက်ဆံရေးတွေအထိ မူဝါဒတွေ ပြောင်းလဲခဲ့ပါတယ်။ နိုင်ငံတွေဟာ အန္တရာယ်ဖြစ်နိုင်ခြေတွေကို ရှောင်ရှားနိုင်အောင် အဲဒီလို ဖြစ်ပေါ်လာနိုင်တဲ့ ပြောင်းလဲမှုတွေအတွက် အသင့်ပြင်ဖို့ လုပ်ဆောင်နေကြတယ်” လို့ ပြောပါတယ်။

Biden နဲ့ Trump အကြား ဖြစ်နိုင်ခြေဟာ သာတူညီမျှ ဖြစ်နေတယ်လို့ ပါမောက္ခ Watanabe က ပြောပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားတာနဲ့ အစ္စရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေအပါအဝင် မစ္စတာ Biden အတွက် စိုးရိမ်စရာ အကြောင်းတွေလည်း ရှိနေတယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒါအပြင် မစ္စတာ Trump ရဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုဟာ ကိုယ်ဝန်ဖျက်ချမှုအပေါ် ဘယ်လို ကိုင်တွယ်မလဲဆိုတာနဲ့ ဖြစ်နိုင်ခြေရှိတဲ့ သူ့ရဲ့ ပြစ်မှုဆိုင်ရာ တရားရင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး လူထုရဲ့ အနုတ်လက္ခဏာဆောင်တဲ့ သဘောထားတွေစတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့လည်း သူက ပြောပါတယ်။