ယူကရိန်းသမ္မတ ကို ရုရှားက အလိုရှိစာရင်းထဲ ထည့်သွင်း

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို အလိုရှိစာရင်းထဲမှာ ရုရှားပြည်ထဲရေးဝန်ကြီးဌာနကထည့်သွင်းထားတယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်ကနေ ၅ နှစ်ကြာ သမ္မတရာထူးကို ထမ်းဆောင်ခဲ့တဲ့ ယူကရိန်းသမ္မတဟောင်း Petro Poroshenko နဲ့ ယူကရိန်းမြေပြင်တပ်ဖွဲ့မှူး Oleksandr Pavliuk တို့လည်း အဲဒီစာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။

ရုရှားရဲ့ ရာဇ၀တ်မှုဆိုင်ရာကျင့်ထုံးကို ချိုးဖောက်တယ်လို့ ရုရှားအရာရှိတွေက စနေနေ့မှာ ထောက်ပြပြောဆိုခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကို ပြောကြားတာမျိုး မရှိခဲ့ပါဘူး။

အဲဒီနေ့မှာပဲ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ရာဇ၀တ်မှုလို့ သံသယရှိတဲ့အတွက်ရုရှားသမ္မတ Vladimir Putin အတွက် ထုတ်ပြန်ထားတဲ့ နိုင်ငံတကာရာဇ၀တ်တရားရုံးရဲ့ ဖမ်းဝရမ်းကို ကိုးကားပြီး တုံ့ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်မှာ မစ္စတာ Zelenskyy အလိုရှိသောစာရင်းမှာ ထည့်သွင်းခံရတာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေက "အောင်မြင်မှုမရတဲ့ ရုရှားနိုင်ငံပိုင်ယန္တရားနဲ့ ဝါဒဖြန့်မှုရဲ့ စိတ်ပျက်အားလျော့မှုကို ပြသနေပြီး အာရုံစူးစိုက်မှုရဖို့ တခြားဘာတွေ တီထွင်ဦးမလဲ" ဆိုပြီး ဖော်ပြထားပါတယ်။

မစ္စတာ Putin ရဲ့ ရုရှားသမ္မတအဖြစ် ပဉ္စမမြောက်သက်တမ်းဟာ အင်္ဂါနေ့မှာ စတင်မှာဖြစ်ပါတယ်။ ရုရှားဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အောင်ပွဲခံနေ့ကို ကြာသပတေးနေ့မှာကျင်းပမှာ ဖြစ်ပါတယ်။ ရုရှားအစိုးရရဲ့လုပ်ရပ်ကို Putin ရဲ့ နောက်ထပ်သမ္မတသက်တမ်း မစတင်မီနဲ့ နှစ်ပတ်လည်နေ့ မတိုင်မီ ယူကရိန်းကို ကျူးကျော်မှုဟာ မှန်ကန်တယ်လို့ သက်သေထူဖို့ ကြိုးပမ်းမှုအဖြစ် အကဲခတ်တွေက ရှုမြင်ကြပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပေါင်း ၉၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းစစ်တပ်က တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။ ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းဒေသ Donetsk နှင့် အခြားဒေသတွေမှာ ထိုးစစ်ကို အရှိန်မြှင့်လျက်ရှိပါတယ်။