ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ADB ရန်ပုံငွေအတွက် ဒေါ်လာ ၁ ဘီလီယံ ထည့်ဝင်မယ်လို့ ဂျပန်ကတိပြု

ဝင်ငွေနည်းနိုင်ငံတွေရဲ့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးကို ကူညီဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရန်ပုံငွေသို့ ယန်း ၁၆၀ ဘီလီယံ တနည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလီယံခန့် ထည့်ဝင်မယ်လို့ ဂျပန်က ပြောပါတယ်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီး Suzuki Shunichi ဟာ ဂျော်ဂျီယာနိုင်ငံ မြို့တော် Tbilisi မှာ ပြုလုပ်တဲ့ ADB နှစ်ပတ်လည်အစည်းအဝေးမှာ အဲဒီထည့်ဝင်မှုကို တနင်္ဂနွေနေ့မှာ ဆွေးနွေးခဲ့ပါတယ်။

ADB ဟာ သူ့ရဲ့ အဆင်းရဲဆုံးနှင့် ထိခိုက်လွယ်ဆုံး ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ထောက်ပံ့ရေး သူ့ရဲ့ရန်ပုံငွေကိုဖြည့်စွက်ဖို့ အစောပိုင်းမှာ သဘောတူခဲ့ပါတယ်။

မစ္စတာ Suzuki က အာရှ-ပစိဖိတ်စီးပွားရေးဟာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရေးမှာ အဓိကသော့ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဒေသဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲမွဲတေမှုနဲ့ သဘာဝဘေးအန္တရာယ်လိုမျိုး စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။

ဂျပန်ဟာ ကျွန်းနိုင်ငံတွေနဲ့ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အလွယ်တကူထိခိုက်နိုင်တဲ့ တခြားနေရာတွေကို ပံ့ပိုးကူညီဖို့ အသင့်ရှိတယ်လို့ ဝန်ကြီး Suzuki က ပြောပါတယ်။

ADB ဟာ ဒေသတွင်း သာယာဝပြောရေးအတွက် အဓိကအခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေမယ်လို့ မျှော်လင့်တဲ့အကြောင်း မစ္စတာ Suzuki က ပြောပါတယ်။

ADB ရဲ့ နှစ် ၆၀ မြောက် နှစ်ပတ်လည် အစည်းအဝေးကို ၂၀၂၇ ခုနှစ်မှာ ဂျပန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အစီအစဉ်ကိုလည်း သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်က ယိုကိုဟားမားမှာ ကျင်းပခဲ့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံတွင်း ပထမဆုံးသောအစည်းအဝေး ဖြစ်လာပါလိမ့်မယ်။