ပြင်သစ်၊ တောင်အမေရိကခရီးစဉ်မှာ ဆောင်ရွက်နိုင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ပြောကြား

ဂျပန်ဝန်ကြီးချုပ် Kishida Fumio ရဲ့ ပြင်သစ်၊ ဘရာဇီးလ်နဲ့ ပါရာဂွေး ၆ ရက်တာ ခရီးစဉ် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ သူ့ဟာ ခရီးစဉ်အတွင်း ဆောင်ရွက်နိုင်ခဲ့တာတွေကို အလေးပေးပြောကြားခဲ့ပါတယ်။

မစ္စတာ Kishida ဟာ Sao Paulo မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

သူက "တရားဥပဒေစိုးမိုးရေးအပေါ်အခြေခံတဲ့ လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတကာ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ ပူးပေါင်းဆောင်ရွက်ရေးအတိုင်းအတာကို ချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို အခိုင်အမာပြသဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတစ်ခုချင်းစီက ရင်ဆိုင်နေရတဲ့ ကိစ္စရပ်တွေနဲ့ အနေအထားတွေကို ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ ဂျပန်အတွက် ထူးခြားတဲ့ အသေးစိတ်အစီအမံတွေကို လေ့လာခဲ့ပြီး ခရီးစဉ်အတွင်း ဒီအချက်တွေကို မှတ်သားခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

မစ္စတာ Kishida ဟာ ပထမဆုံးအနေနဲ့ ပဲရစ်ခရီးစဉ်အကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီမှာ သူဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ဝန်ကြီးအဆင့်ကောင်စီအစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

လူလုပ်အသိဉာဏ် AI အသုံးပြုခြင်းအတွက် မူတွေနဲ့ အကြံပြုချက်တွေ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သူတို့ သဘောတူခဲ့ကြပါတယ်။

မစ္စတာ Kishida ဟာ ပြင်သစ်သမ္မတ Emmanuel Macron နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ပြင်သစ်နဲ့အကြား နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ မစ္စတာ Kishida က သူနဲ့ မစ္စတာ Macron ဟာ နှစ်နိုင်ငံအကြား လုံခြုံရေးဆက်ဆံမှု ခိုင်မာလာစေဖို့ အုတ်မြစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ Kishida က "သမ္မတ Macron နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေးအပေါ် အခြေခံပြီး ယူကရိန်း၊ အရှေ့အလယ်ပိုင်းနဲ့ အရှေ့အာရှရဲ့ အခုနောက်ဆုံးအခြေအနေတွေကို အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။ ဂျပန်-ပြင်သစ် ကာကွယ်ရေးနဲ့ လုံခြုံရေးသဘောတူစာချုပ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ဖို့ သဘောတူခြင်းအားဖြင့် ခိုင်မာတဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်" လို့ ပြောပါတယ်။

အဲဒီနောက် ဂျပန်နဲ့ "Global South" နိုင်ငံတွေအကြား ဆက်ဆံရေးကို ခိုင်မာလာစေဖို့အတွက် တောင်အမေရိကကို ဝန်ကြီးချုပ်အဖြစ် သူ ပထမဆုံးအကြိမ် လာရောက်တဲ့ အကြောင်းကို မစ္စတာ Kishida က ပြောကြားခဲ့ပါတယ်။ ဘရာဇီးလ်သမ္မတ Luiz Inacio Lula da Silva နဲ့ တွေ့ဆုံရာမှာ ခေါင်းဆောင်တွေဟာ ရာသီဥတုပြောင်းလဲမှုရဲ့ ဂယက်ရိုက်မှုတွေကို လျော့ပါးစေဖို့ Green Partnership Initiative ကို သဘောတူခဲ့ကြပါတယ်။

မစ္စတာ Kishida ဟာ ပါရာဂွေးမှာ သမ္မတ Santiago Pena နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖလှယ်မှုအတိုင်းအတာကို ပိုမိုချဲ့ထွင်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။

မစ္စတာ Kishida ဟာ ကွဲပြားခြားနားတဲ့ နိုင်ငံတကာအသိုက်အဝန်းမှာ အလယ်အမေရိကနဲ့ တောင်အမေရိကဒေသတစ်ခုလုံးနဲ့ ဆက်ဆံရေးခိုင်မာလာစေဖို့ ကတိပြုခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးအပေါ် အခြေခံတဲ့ လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတကာတည်ငြိမ်မှုကို ထိန်းသိမ်းဖို့ အရေးကြီးတယ်ဆိုတာကို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ပြောဆိုနိုင်ခဲ့ကြောင်း သူက အလေးပေးပြောကြားခဲ့ပါတယ်။

မစ္စတာ Kishida က "လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ပေးတဲ့ ကမ္ဘာကြီး ဖြစ်လာအောင် ကျွန်တော်တို့ အကောင်အထည်ဖော်ဆောင်ရွက်သွားပါမယ်။ အဲဒီအခြေခံကျတဲ့ ဘုံရည်မှန်းချက်ကို မျှော်မှန်းပြီး ဂျပန်ဟာ မတူကွဲပြားမှု၊ အားလုံးအတွက် ထည့်သွင်းစဉ်းစားမှုနဲ့အတူ ဂျပန်ရဲ့ လုပ်ထုံးလုပ်နည်းအပေါ် အခြေခံတဲ့ အသေးစိတ်ပူးပေါင်းဆောင်ရွက်မှုတွေကို လက်တင်အမေရိကနိုင်ငံတွေအပါအဝင် နိုင်ငံအသီးသီးကို ပေးအပ်မှာ ဖြစ်တယ်" လို့ ပြောပါတယ်။

မစ္စတာ Kishida ဟာ တနင်္လာနေ့မှာ ဂျပန်ကို ပြန်ရောက်မှာ ဖြစ်ပါတယ်။