ဂျပန်မှာ ကျောင်းသားနေထိုင်ခွင့်ဗီဇာဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်တွေ တင်းကျပ်

ဂျပန်အစိုးရဟာ နိုင်ငံခြားကျောင်းသားတွေအတွက် နေထိုင်ခွင့်ထုတ်ပေး‌‌ခြင်းနဲ့ဆိုင်တဲ့ တရားရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြင်ဆင်လိုက်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ တိုကျိုက တက္ကသိုလ်တစ်ခုဟာ သူ့ကျောင်းက နိုင်ငံခြားကျောင်းသား ၁,၆၀၀ ကျော်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့တဲ့ ကိစ္စပေါ်လာပြီးနောက်ပိုင်း အခုလို ပြင်ဆင်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဧပြီလက ပြင်ဆင်ခဲ့တဲ့ စည်းမျဉ်းအသစ်တွေအရ ပညာရေးအဖွဲ့အစည်းတွေဟာ နိုင်ငံတကာကျောင်းသားတွေကို လက်ခံရာမှာ သင့်တော်ဆီလျော်တဲ့ ကျောင်းဝင်ခွင့်မှတ်တမ်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ စည်းမျဉ်းအသစ်တွေအရ ကျောင်းသားတွေရဲ့ ကျောင်းခေါ်ချိန်မှတ်တမ်းနဲ့ အချိန်ပိုင်းအလုပ်ဆိုင်ရာမှတ်တမ်းတွေကို မှန်မှန်ကန်ကန် ခြေရာခံ မှတ်တမ်းတင်စစ်ဆေးတာတွေ ပါဝင်ပါတယ်။

တကယ်လို့ ကျောင်းဟာ မလိုက်နာနိုင်ဘူးဆိုရင် ပြုပြင်တိုးတက်မှုတွေ မရှိမချင်း သူတို့လက်ခံထားတဲ့ နိုင်ငံခြားကျောင်းသားတွေဟာ ကျောင်းသားနေထိုင်ခွင့်ဗီဇာ ထုတ်ပေးခြင်း ခံရမှာ မဟုတ်ပါဘူး။

ဂျပန်ဘာသာစကားသင်ယူဖို့ စီစဉ်ထားသူတွေဟာ အစိုးရက အသိအမှတ်ပြုထားတဲ့ ဂျပန်ဘာသာသင်တန်းကျောင်းတွေမှာ ကျောင်းအပ်နှံပြီး တက်ရောက်သင်ကြားဖို့ လိုအပ်ပါတယ်။ သုတေသနကျောင်းသားတွေ ဒါမှမဟုတ် လေ့လာရေးကျောင်းသားတွေအနေနဲ့ ဂျပန်ဘာသာစကားသင်ယူသူတွေကိုတော့ ကျောင်းသားနေထိုင်ခွင့်ဗီဇာ ထုတ်ပေးမှာမဟုတ်ပါဘူး။

ဂျပန်ကို လာရောက်ပြီး ပညာသင်တဲ့ နိုင်ငံတကာကျောင်းသားဦးရေဟာ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပေမဲ့ ၂၀၂၂ခုနှစ်မှာ အဲဒီအရေအတွက်ဟာ ကပ်ရောဂါ မဖြစ်မီက အဆင့်ကို ကျော်လွန်ပြီး ၁၆၇,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။

နိုင်ငံခြားကျောင်းသားတွေကို လက်ခံရာမှာ တည်ငြိမ်ပြီး အဆင်ပြေ ချောမွေ့မှုရှိစေဖို့ အဲဒီစည်းမျဉ်းပြင်ဆင်ချက်ကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးအေဂျင်စီက ဆိုပါတယ်။