ဂါဇာမှာ ဆွေးနွေးပွဲတွေ ဆက်လုပ်နေပေမဲ့ သဘောတူညီမှုရတဲ့ လက္ခဏာ ရှင်းရှင်းလင်းလင်း မရှိသေး

ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေလွတ်မြောက်ရေးဆိုင်ရာ သဘောတူညီချက် ရဖို့ အီဂျစ်ရဲ့ မြို့တော်မှာ ဆွေးနွေးပွဲတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အဆိုပြုချက်ကို ဟားမတ်စ်ဘက်က လက်မခံဘူးဆိုရင် ကိုင်ရိုကို အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာမဟုတ်ဘူးလို့ အစ္စရေးမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နဲ့ အမေရိကန် CIA ညွှန်ကြားရေးမှူး William Burns တို့ အီဂျစ်ကို ရောက်လာကြောင်း စနေနေ့က သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ဆွေးနွေးမှုတွေအတွက် အီဂျစ်က ကြားဝင်စေ့စပ်ပေးနေပါတယ်။

ဟားမတ်စ်အဖွဲ့ကတော့ သဘောတူညီချက်တစ်ရပ်ရရှိဖို့ အပြုသဘောဆောင်တဲ့သဘောထားနဲ့ ညှိနှိုင်းဆွေးနွေးဖို့ သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ ပြဿနာအများအပြားအတွက် သဘောတူညီမှုတွေရထားပြီးဖြစ်ကြောင်း အီဂျစ်သတင်းအရင်းမြစ်တွေကို ကိုးကားပြီး အီဂျစ်မီဒီယာတွေက ဖော်ပြလိုက်ပါတယ်။

လတ်တလော အဆိုပြုချက်ထဲမှာ ဓားစာခံတွေကို အဆင့်ဆင့်ပြန်ပို့ဖို့အတွက် ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ အဲဒီနောက်မှာ နောက်အဆင့်ကို ဆက်သွားမယ် ဆိုတာတွေ ပါ၀င်ပါတယ်။

ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုနေတဲ့ ဟားမတ်စ်နဲ့ ဟားမတ်စ်အဖွဲ့ကို ဖျက်ဆီးဖို့ ရည်ရွယ်တဲ့ အစ္စရေးတို့အကြား သဘောတူညီမှုတစ်ရပ်ရနိုင်မလား ဆိုတာ မရေရာတဲ့ အခြေအနေမှာရှိနေပါတယ်။

ဒီအတောအတွင်း ဆွေးနွေးမှုတွေ ဆက်လုပ်နေပေမဲ့ ဂါဇာမှာ အစ္စရေးက တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။

Rafah မြို့က အိမ်တစ်လုံးအပေါ် ဗုံးကြဲချခံရမှုကြောင့် ကလေး ၂ ဦးအပါအဝင် လူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာရဲ့ တခြားနေရာတွေကနေ ခိုလှုံလာသူ အများအပြားအပါအဝင် ပါလက်စတိုင်း ၁.၂ သန်းလောက်ဟာ Rafah မှာ ရှိနေပါတယ်။

လက်ရှိ ပဋိပက္ခအတွင်း လူပေါင်း ၃၄,၆၅၄ ဦး သေဆုံးခဲ့ကြောင်း ဂါဇာဒေသကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။