ဂျပန်က ငလျင်ဒဏ်သင့်ဒေသတွေမှာ နွေဦးရာသီအားလပ်ရက်တွေအတွင်း စေတနာ့ဝန်ထမ်းတွေ ကူညီဆောင်ရွက်ခဲ့

နှစ်ဆန်းတစ်ရက်နေ့က Noto ကျွန်းဆွယ်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကနေ ပြန်လည်ထူထောင်လာနိုင်ဖို့ ဂျပန်အလယ်ပိုင်း Ishikawa ခရိုင်မှာ ပြည်သူတွေ ကြိုပမ်းနေကြရဆဲဖြစ်ပါတယ်။

စနေနေ့မှာ နိုင်ငံတစ်ဝန်းက တက္ကသိုလ်ကျောင်းသား ၁၀၀ လောက်ဟာ ဆူနာမီကြောင့် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ Suzu မြို့မှာ မြို့ခံတွေနဲ့အတူ ရှင်းလင်းရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။

"လူတိုင်း စည်းလုံးညီညွတ်ရင် ဘာမှ မဖြစ်နိုင်စရာမရှိဘူး" ဆိုပြီး ကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။

ထိခိုက်မှုကြီးမားခဲ့တဲ့ Nanao မြို့က ပြည်သူတွေဟာ ဒေသရဲ့ အထူးထွက်ကုန်တစ်မျိုးဖြစ်တဲ့ Sakiyama အမျိုးအစား စတော်ဘယ်ရီသီးတွေကို ဆွတ်ခူးခဲ့ကြပါတယ်။

အဲဒီဒေသမှာ ၃ လ‌လောက် ရေပေးဝေမှု ပြတ်တောက်ခဲ့ပြီးနောက်ပိုင်း အသီးအနှံတွေ စိုက်ပျိုးနိုင်ဖို့အတွက် ရေတွင်း‌က‌နေ ရေတင်ဆောင်လာတဲ့ ရေသယ်ထရပ်ကားတွေကိုပဲ မှီခိုအားထားခဲ့ရပါတယ်။
Sakiyama မြို့နေ ပြည်သူများအဖွဲ့ရဲ့ အဖွဲ့ဝင် Kosaki Hirotoshi က သီးနှံရိတ်သိမ်းနိုင်တဲ့အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ပါတယ်။ စတော်ဘယ်ရီသီးတွေဟာ ပုံမှန်ထက် နည်းနည်းသေးပေမဲ့ အလွန်ချိုတယ်လို့ သူက ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် မြို့နေပြည်သူတွေအနေနဲ့ နှစ်စဉ် အခုလိုအချိန်မှာ ပုံမှန်ကျင်းပလေ့ရှိတဲ့ ဒေသရဲ့ အစဉ်အလာ Seihakusai ပွဲတော်လိုမျိုး ရိုးရာအခမ်းအနားတွေကို အကျဉ်းရုံးပြီး လုပ်ခဲ့ရပါတယ်။

Dekayama လို့ခေါ်တဲ့ အလှပြယာဉ်ကြီးတစ်ခု ပါ၀င်တဲ့ အဲဒီမြို့က စီတန်းလှည့်လည်ပွဲကို UNESCO က ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်မှုတွေ ရှိနေတဲ့အကြား ပျက်စီးသွားတဲ့ လမ်းတွေကို ပြန်လည်တည်ဆောက်နေရဆဲဖြစ်တာကြောင့် အခုနှစ်မှာတော့ အဲဒီပွဲကို ရပ်ဆိုင်းခဲ့ပါတယ်။

လာမယ့် နွေဦးရာသီမှာ ပွဲတော်ကို အပြည့်အဝကျင်းပနိုင်ဖို့ ရည်ရွယ်ထားကြောင်း ပွဲတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အကြီးအကဲက ပြောပါတယ်။