အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ဂျော်ဂျီယာမှာ ကျင်းပ

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ဂျော်ဂျီယာနိုင်ငံ မြို့တော် တဘီလစ်ဆီမှာ ကျင်းပနေပါတယ်။ ဂျပန်ဟာ ဝင်ငွေနည်းတဲ့ နိုင်ငံတွေကို ထောက်ပံ့ဖို့အတွက် ADB ကို ယန်းငွေ ၁၆၀ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် လှူဒါန်းဖို့ ရည်ရွယ်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ADB ဟာ အာရှနဲ့ ပစိဖိတ်ဒေသက နိုင်ငံတွေကို အခြေခံအဆောက်အအုံနဲ့ တခြားစီမံကိန်းတွေအတွက် ချေးငွေ၊ ထောက်ပံ့ငွေနဲ့ နည်းပညာအကူအညီတွေ ပေးအပ်ဖို့ ကတိပြုဆောင်ရွက်နေပါတယ်။

ရာသီဥတုဖောက်ပြန်မှု၊ စီးပွားရေးဆိုင်ရာ လှုပ်ခတ်မှုနဲ့ ပဋိပက္ခတွေကြောင့် ကျွန်းနိုင်ငံတွေက လူတွေအပါအဝင် ကမ္ဘာ့အဆင်းရဲဆုံးနဲ့ ထိခိုက်လွယ်ဆုံး လူတွေဟာ ဒုက္ခရောက်နေကြရတယ်လို့ ADB ဥက္ကဋ္ဌ Asakawa Masatsugu က ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးကျေးဇူးကို လူတိုင်း ခံစားခွင့် ရှိတယ်လို့ သူက အလေးပေးပြောကြားခဲ့ပါတယ်။ ADB အနေနဲ့ ကျွန်းနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေဆီ ပေးအပ်တဲ့ အကူအညီပမာဏကို တိုးမြှင့်ဖို့ ဆန္ဒရှိကြောင်း မစ္စတာ Asakawa က ပြောကြားခဲ့သည်။

ဝင်ငွေနည်းတဲ့ နိုင်ငံတွေကို ရန်ပုံငွေပိုမိုထောက်ပံ့ပေးဖို့အတွက် ဂျပန်ဟာ ADB ကို ဒေါ်လာ ၁ ဘီလီယံကျော် လှူဒါန်းသွားမယ်လို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီး Suzuki Shunichi က တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။

ADB အနေနဲ့ ဒေသတွင်း သာယာဝပြောရေးအတွက် ကြီးမားတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

ဂျပန်ဟာ ၂၀၂၇ ခုနှစ်မှာ ကျင်းပမယ့် ADB ရဲ့ အကြိမ် ၆၀ မြောက် နှစ်ပတ်လည်အစည်းအဝေးကို လက်ခံကျင်းလိုတယ်လို့ မစ္စတာ Shunichi က ကြေညာခဲ့ပါတယ်။ အရင်တစ်ခါ အဲဒီအစည်းအဝေးကို ဂျပန်မှာ ကျင်းပခဲ့တာဟာ ၂၀၁၇ ခုနှစ်က Yokohama မြို့မှာ ဖြစ်ပါတယ်။