မြောက်ကိုရီးယားရဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူတွေရဲ့ ဆွေမျိုးသားချင်းတွေ အမေရိကန်ရဲ့ နားလည်မှုကို ရရှိခဲ့တယ်လို့ ပြော

မြောက်ကိုရီးယားရဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ ဆွေမျိုးသားချင်းတွေဟာ အမေရိကန်ကနေ ဂျပန်ကို ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ အဓမ္မဖမ်းဆီးခေါ်ဆောင်မှုပြဿနာကို ဖြေရှင်းဖို့အတွက် အမေရိကန်အစိုးရအရာရှိတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ နားလည်မှုကို ရယူနိုင်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။

ကျန်နေသေးတဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူတွေ ဂျပန်ပြန်လာနိုင်အောင် ဆောင်ရွက်ရာမှာ အမေရိကန်ရဲ့ ပံ့ပိုးကူညီမှု ရဖို့အတွက် ဆွေမျိုးသားချင်းတွေဟာ တနင်္လာနေ့မှာ ဝါရှင်တန်ကို သွားရောက်ခဲ့ကြပါတယ်။

သူတို့အထဲမှာ Yokota Takuya နဲ့ Iizuka Koichiro တို့ ပါဝင်ပါတယ်။ မစ္စတာ Yokota ဟာ ၁၉၇၇ ခုနှစ်က အသက် ၁၃ နှစ်အရွယ်မှာ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ မီးစ် Megumi ရဲ့ မောင်ဖြစ်ပြီး မစ္စတာ Koichiro ကတော့ သူ့အသက် ၁ နှစ်အရွယ်မှာ မိခင်ဖြစ်သူ Taguchi Yaeko က ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။

ကျန်နေသေးတဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူအားလုံး အိမ်ပြန်လာနိုင်ဖို့အတွက် တောင်းဆိုချက်ကို လက်မလျှော့ဖို့ ဂျပန်အစိုးရကို သူတို့ တိုက်တွန်းခဲ့ပါတယ်။

ဝါရှင်တန်ခရီးစဉ်အတွင်း သူတို့ဟာ နိုင်ငံ့လုံခြုံရေးကောင်စီက Mira Rap-Hooper နဲ့ နိုင်ငံခြားရေးဌာနရဲ့ အရပ်သားလုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်အတွင်းဝန် Uzra Zeya အပါအဝင် အမေရိကန်အစိုးရရဲ့ အကြီးတန်းအရာရှိတွေအပြင် လွှတ်တော်နှစ်ရပ်လုံးက အမတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တကယ်လို့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူတွေရဲ့ မိဘတွေ အသက်ရှင်နေစဉ်ကာလအတွင်း မြောက်ကိုရီးယားအစိုးရအနေနဲ့ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးမယ်ဆိုရင် ဂျပန်က မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းတာနဲ့ ပတ်သက်ပြီး သူတို့ ဆန့်ကျင်မှာ မဟုတ်ဘူးလို့ ဆွေမျိုးသားချင်းအဖွဲ့က ဖေဖော်ဝါရီလမှာ ဆုံးဖြတ်ခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ အဲဒီရပ်တည်ချက်ကို အမေရိကန်ကို ရှင်းပြခဲ့ပြီး နားလည်မှုရခဲ့တယ်လို့ ပြောပါတယ်။

မစ္စတာ Yokota က စနေနေ့က တိုကျိုမြို့ Haneda လေဆိပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ သူတို့ တွေ့ခဲ့သူအများအပြားဟာ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူတွေရဲ့ မိသားစုဝင်တွေရဲ့ ခံစားချက်ကို နားလည်တယ်ဆိုတာကို ပြသခဲ့ကြောင်းနဲ့ အမေရိကန်ဟာ သူတို့နဲ့အတူ ရပ်တည်တယ်လို့ ပြောခဲ့ကြောင်း ဆိုပါတယ်။

အဓမ္မဖမ်းဆီးခေါ်ဆောင်မှုကိစ္စဟာ လူ့အခွင့်အရေးပြဿနာဖြစ်ပြီး ဖြေရှင်းဖို့အတွက် အချိန်အကန့်အသတ်ရှိတယ်ဆိုတာကို သူတို့အဖွဲ့က ပြောပြနိုင်ခဲ့ကြောင်း မစ္စတာ Yokota က ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အနေနဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။