ဂျပန်ကို 'နိုင်ငံခြားသားမုန်းတီးမှုရှိတယ်' လို့ပြောခဲ့တဲ့ အမေရိကန် သမ္မတ ရဲ့ မှတ်ချက်ဟာ 'ဝမ်းနည်းဖွယ်ရာ' ဖြစ်ကြောင်း ဂျပန်အစိုးရ ဆို

အမေရိကန်သမ္မတ Joe Biden က ဂျပန်နိုင်ငံကို နိုင်ငံခြားသားမုန်းတီးမှုရှိတယ်လို့ မှတ်ချက်ပြုပြောဆိုမှုဟာ 'ဝမ်းနည်းဖွယ်ရာ'ဖြစ်ကြောင်း ဂျပန်အစိုးရက အမေရိကန်အစိုးရကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာလုပ်ခဲ့တဲ့ ရန်ပုံငွေကောက်ခံပွဲတစ်ခုမှာ သမ္မတ Biden က အမေရိကန် စီးပွားရေးတိုးတက်လာရတဲ့ အကြောင်းအရင်းတစ်ခုဟာ ရွှေ့ပြောင်းအခြေချသူတွေကို အမေရိကက ကြိုဆိုခဲ့တာကြောင့်ဖြစ်တယ်လို့ပြောခဲ့ကြောင်း သိရပါတယ်။

မစ္စတာ Biden က "တရုတ် ဘာဖြစ်လို့ စီးပွားရေးအရ ဒီလောက် ထိုင်းမှိုင်းနေရတာလဲ၊ ဂျပန် ဘာဖြစ်လို့ ဒုက္ခရောက်နေရတာလဲ၊ ရုရှား ကရော၊ အိန္ဒိယကရော ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲဆိုတော့ သူတို့က နိုင်ငံခြားသား မုန်းတီးတာကြောင့်ဖြစ်တယ်။ သူတို့ဟာ ရွှေ့ပြောင်းအခြေချသူတွေကို မလိုချင်ဘူး" လို့ ဆက်ပြောခဲ့ပါတယ်။

အဲဒီမှတ်ချက်တွေဟာ ဂျပန့်မူဝါဒတွေကို မှန်မှန်ကန်ကန်နားလည်မှုအပေါ်အခြေခံထားတာမဟုတ်တဲ့အတွက် 'ဝမ်းနည်းဖွယ်ရာ' ဖြစ်တယ်လို့ ဂျပန်အစိုးရက အမေရိကန်အစိုးရကို ပြောခဲ့ကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်‌တွေက ဆိုပါတယ်။

အဲဒီနောက်မှာ ဂျပန်အစိုးရက ဂျပန်ရဲ့ ရပ်တည်ချက်နဲ့ မူဝါဒတွေကို အမေရိကန်အစိုးရကို ရှင်းပြခဲ့ပါတယ်။

ကြာသပတေးနေ့မှာ သတင်းထောက်တစ်ဦးက အိမ်ဖြူတော် ပြန်ကြားရေးမှူး Karine Jean-Pierre ကို မစ္စတာ Biden ရဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ နိုင်ငံခြားသားမုန်းတီးမှုဆိုတဲ့ စကားလုံးကို အထူးသဖြင့် မဟာမိတ်တစ်ဦးအပေါ်အသုံးပြုတဲ့အခါမှာ ရှုတ်ချတဲ့၊ အဆိုးမြင်တဲ့ အဓိပ္ပာယ်ဆောင်တယ်လို့ အဲဒီသတင်းထောက်က ပြောခဲ့ပါတယ်။

ရွှေ့ပြောင်းအခြေချနေထိုင်သူတွေက အမေရိကကို ပိုပြီးအားကောင်းအောင် ဘယ်လိုလုပ်ဆောင်သလဲဆိုတာကို မစ္စတာ Biden က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ထောက်ပြခဲ့တယ်လို့ မီးစ် Jean-Pierre က ရှင်းပြခဲ့ပါတယ်။ အမေရိကန်-ဂျပန် ဆက်ဆံရေးဟာ အရေးကြီး၊ နက်နဲပြီး ရေရှည်တည်တံတဲ့ မဟာမိတ်တွေဖြစ်ကြတယ်လို့ သူက အလေးပေးပြောခဲ့ပါတယ်။