လက်ရှိအနေအထားကို တစ်ဖက်သတ် အင်အားသုံး ပြောင်းလဲမှု လက်ခံမှာမဟုတ်ဘူးလို့ ဂျပန်နဲ့ ပါရာဂွေး ဆို

ဂျပန်ဝန်ကြီးချုပ် Kishida Fumio နဲ့ ပါရာဂွေးသမ္မတ Santiago Pena တို့က လက်ရှိအနေအထားကို တစ်ဖက်သတ် အင်အားသုံး ပြောင်းလဲဖို့ ကြိုးပမ်းမှုတွေကို သည်းခံမှာမဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ပါရာဂွေးနိုင်ငံမြို့တော် Asuncion မှာ သောကြာနေ့က မစ္စတာ Kishida နဲ့ မစ္စတာ Pena တို့ တွေ့ဆုံခဲ့ကြပါတယ်။ မစ္စတာ Kishida ဟာ ၂၀၂၁ ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူး စတင်တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တောင်အမေရိကကို ခရီးထွက်နေပါတယ်။

တရုတ်က တစ်ဖက်သတ် လုပ်ဆောင်မှုတွေ တိုးမြှင့်ျလာနေတဲ့အကြားမှာ အခုလို တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ပါရာဂွေးနိုင်ငံဟာ တောင်အမေရိကမှာ ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။

လက်နက်ဖျက်သိမ်းရေးဆိုင်ရာနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးတွေမှာ အတူတကွလုပ်ဆောင်ကြဖို့ ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ပါတယ်။

စက်မှုလုပ်ငန်း၊ အစိုးရနဲ့ ပညာရှင်တွေ ပေါင်းစည်းလုပ်ကိုင်မယ့် အာကာသ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုကို သူတို့နှစ်နိုင်ငံ စတင်လုပ်ဆောင်မယ်ဆိုတာကို ခေါင်းဆောင်တွေက အတည်ပြုခဲ့ပါတယ်။

ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး သဘောတူညီချက်တစ်ရပ် စောစောစီးစီး လက်မှတ်ရေးထိုးဖို့ လိုအပ်ကြောင်း သူတို့က သဘောတူခဲ့ကြပါတယ်။

ဂျပန်နဲ့ တောင်အမေရိက စီးပွားရေးအစုအဖွဲ့ Mercosur တို့အနေနဲ့ သူတို့ရဲ့ စီးပွားရေးဆက်ဆံရေးကို ဘယ်လိုခိုင်မာစေမလဲဆိုတာ လေ့လာသုံးသပ်မယ်လို့လည်း သူတို့ သဘောတူခဲ့ကြပါတယ်။ Mercosur အဖွဲ့ဝင်တွေထဲမှာ ပါရာဂွေးနဲ့ ဘရာဇီးနိုင်ငံတွေ ပါဝင်ပါတယ်။

ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မစ္စတာ Kishida က နိုင်ငံတကာ အသိုက်အဝန်းမှာ ရှုပ်ထွေးတဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်နေရတဲ့အကြား ဂျပန်နိုင်ငံအနေနဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီလို တန်ဖိုးတွေကို မျှဝေရင်း ပါရာဂွေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာအောင်လုပ်ဆောင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။