လုံခြုံရေးသဘောတူစာချုပ် လက်မှတ်ထိုးရေး ပူးတွဲလုပ်ဆောင်ဖို့ ဂျပန်နဲ့ ဖိလစ်ပိုင် သဘောတူ

ဂျပန်နဲ့ ဖိလစ်ပိုင်တို့က ကာကွယ်ရေးဦးစီးချုပ်တွေဟာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဖိလစ်ပိုင်စစ်တပ်တို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လွယ်ကူချောမွေ့စေမယ့် သဘောတူညီချက်တစ်ရပ်ကို အဆောတလျင် လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့ကြပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီး Kihara Minoru ဟာ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး Gilberto Teodoro နဲ့ ဟာဝိုင်ယီ မှာ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံက ပိုပြီး တစ်ဖက်သတ်လုပ်ဆောင်လာနေတဲ့ တောင်တရုတ်ပင်လယ်ထဲက အခြေအနေတွေကို သူတို့ ဆွေးနွေးခဲ့ကြပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ အကောင်အထည်ဖော်ရေး အရေးပါမှုကိုလည်း သူတို့က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

Reciprocal Access Agreement လို့ခေါ်တဲ့ သဘောတူညီချက်ဟာ လက်နက်နဲ့ ခဲယမ်းမီးကျောက်ကိုင်တွယ်ပုံလို ပူးတွဲလေ့ကျင့်မှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေ စီစဉ်ရေးအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဂျပန်က ဖိလစ်ပိုင်ကို ထောက်လှမ်းရေးရေဒါတွေ တင်ပို့ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တာလို ဂျပန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ လတ်တလောနှစ်တွေအတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

ကာကွယ်ရေးဦးစီးချုပ်တွေက နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူးလူးဆက်ဆံမှုတွေ ပိုမိုမြှင့်တင်ဖို့ သဘောတူညီခဲ့ကြပါတယ်။