အရေးပေါ်အခြေအနေတွေအတွက် ရန်ပုံငွေထောက်ပံ့မှုဆိုင်ရာ ဌာနသစ် ASEAN+3 ထူထောင်မယ်

ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့က ဘဏ္ဍာရေးဝန်ကြီးနဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌတွေက သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် ကပ်ရောဂါတွေလို အရေးပေါ်အခြေအနေတွေမှာ အချင်းချင်းထောက်ပံ့ရေး ရည်ရွယ်ထားတဲ့ ဌာနသစ်တစ်ခုကို ထူထောင်ဖို့ သဘောတူခဲ့ကြပါတယ်။

ဂျပန် ဘဏ္ဍာရေးဝန်ကြီး Suzuki Shunichi နဲ့ ဂျပန်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ Himino Ryozo တို့ အပါအဝင် တက်ရောက်သူတွေဟာ ဂျော်ဂျီယာနိုင်ငံ Tbilisi မှာ သောကြာနေ့က တွေ့ဆုံခဲ့ကြပါတယ်။

၁၉၉၇ အာရှ ငွေကြေးအကျပ်အတည်းနောက်ပိုင်းမှာ ထူထောင်ခဲ့တဲ့ Chiang Mai initiative ရဲ့ အောက်မှာ အဲဒီ ဌာနသစ်ကို ဖွဲ့စည်းဖို့ ကိုယ်စားလှယ်တွေက သဘောတူခဲ့ကြပါတယ်။

အသေးစိတ် အချက်အလက်တွေကို ၂၀၂၅ ခုနှစ် နောက်ဆုံးထား ရေးဆွဲမယ်လို့ သူတို့က ပြောပါတယ်။

ဌာနသစ်ဟာ ကပ်ရောဂါ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်တွေလို ပြင်ပဘေးဒဏ်တွေကို တုံ့ပြန်ရာမှာ အဆောတလျင် ပံ့ပိုးမှုတွေ ပေးအပ်မှာဖြစ်တယ်လို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ Suzuki က ပြောပါတယ်။

သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေတွေရှိနေတဲ့ ASEAN နိုင်ငံတွေက ဒီဌာနသစ်အပေါ် မျှော်လင့်ချက် မြင့်မားနေတယ်လို့ ဆိုရင်း သူက ဒီသဘောတူညီမှုကို ကြီးမားတဲ့အောင်မြင်မှုတစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။