စီးပွားရေး အကျပ်ကိုင်မှုနဲ့ပတ်သက်ပြီး သတိထားနေကြောင်း OECD ဝန်ကြီးတွေ ပြောဆို

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ရဲ့ ဝန်ကြီးတွေဟာ ပဲရစ်မြို့မှာ ၂ ရက်ကြာ အစည်းအဝေးကို အဆုံးသတ်ခဲ့ပြီး စီးပွားရေး အကျပ်ကိုင်မှုနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောကြားထားတဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဖွဲ့ဝင် ၃၈ ဦးပါတဲ့ ဒီအဖွဲ့ရဲ့ ဝန်ကြီးများကောင်စီကို အခုနှစ်မှာ ဂျပန်နိုင်ငံက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဆွေးနွေးမှုတွေ သောကြာနေ့မှာ ပြီးဆုံးခဲ့ပါတယ်။

ဝန်ကြီးတွေက ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုနဲ့ပတ်သက်ပြီး "အပြင်းထန်ဆုံး အသုံးအနှုန်းတွေ" နဲ့ အပြစ်တင်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး "အထူးတလည် စိုးရိမ်မှု" ကိုလည်း သူတို့က ဖော်ပြခဲ့ကြပါတယ်။

ဝန်ကြီးတွေဟာ စီးပွားရေး ခံနိုင်ရည်စွမ်းအားနဲ့ လုံခြုံရေး တည်ဆောက်ဖို့ သူတို့ရဲ့ ကတိကဝတ်တွေကို အတည်ပြုခဲ့ကြပါတယ်။

စီးပွားရေး အကျပ်ကိုင်မှုဆိုတာ ကန့်သတ်ချက်တွေ ဒါမှမဟုတ် အခွန်ကောက်ခံမှုတွေကတစ်ဆင့် ကုန်သွယ်ဖက်အပေါ်ကို ဖိအားပေးတဲ့အလေ့အထကို ရည်ညွှန်းတာဖြစ်ပါတယ်။

ဝန်ကြီးတွေက "စီးပွားရေးအရ မှီခိုအားထားမှုကို လက်နက်သဖွယ် အသုံးပြုဖို့ ကြိုးပမ်းချက်တွေ မလွဲမသွေ ကျဆုံးမယ်" ဆိုတာကို အာမခံခဲ့ကြပါတယ်။ ဒါဟာ တရုတ်နိုင်ငံကို ရည်ရွယ်တာလို့ ယူဆရပါတယ်။

ကမ္ဘာ့ လူမှုအသိုက်အဝန်းမှာ သဘောထားကွဲလွဲမှုတွေ ပိုမိုနက်ရှိုင်းလာနေတဲ့အကြား ဂျပန်နိုင်ငံက ဒီဆွေးနွေးပွဲမှာ အကျိုးဖြစ်ထွန်းမှုတွေရှိအောင် ပံ့ပိုးပေးခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Kamikawa Yoko ကပြောကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ စီးပွားရေးဆိုင်ရာ လုံခြုံရေးနယ်ပယ်မှာ အကြံဉာဏ်တွေ မျှဝေရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ မီးစ် Kamikawa က ဆက်လက်ပြောကြားခဲ့ပါတယ်။