အမျိုးသားတွေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် ထုတ်ပေးတာကို မြန်မာစစ်အစိုးရ ဆိုင်းငံ့

မြန်မာနိုင်ငံမှာ အမျိုးသားတွေ အလုပ်လုပ်ကိုင်ဖို့အတွက် နိုင်ငံခြားခရီးသွားလာခွင့် ထုတ်ပေးတာကို စစ်အစိုးရက ယာယီ ဆိုင်းငံ့ထားပါတယ်။ အဲဒါဟာ စစ်သားစုဆောင်းမှုကနေရှောင်ရှားတာကို ကာကွယ်ဖို့လို့ ထင်ရပါတယ်။

ဆိုင်းငံ့ထားမှုကို ဗုဒ္ဓဟူးနေ့မှာ စတင်ခဲ့တယ်လို့ မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ကြောင်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို့က ပြောခဲ့ပါတယ်။

အခုလိုလုပ်ဆောင်တာအတွက် အကြောင်းပြချက်ကို အဲဒီဝန်ကြီးဌာနက ရှင်းရှင်းလင်းလင်း မဖော်ပြထားဘဲ ဘယ်လောက်ကြာမလဲဆိုတာလည်း မပြောဘူးလို့ သူတို့က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်လောက်က အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ စစ်သားအင်အားမလုံလောက်မူအဟန့်အတားနဲ့ကြုံတွေ့နေရပြီး ဒီမိုကရေစီ လိုလားတဲ့အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကို ရင်ဆိုင်နေရပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ခရီးသွားလာခွင့်ကန့်သတ်ချက်ကြောင့် အရန်လုပ်သားအင်အားအတွက် သင်တန်းသားခေါ်ယူရေးစနစ်ကို မှီခိုနေရတဲ့ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းတချို့အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဲဒီလုပ်ဆောင်မှုအသစ်ဟာ နည်းပညာဆိုင်ရာအလုပ်သင်တွေအဖြစ် ဂျပန်နိုင်ငံကိုသွားရောက်လိုတဲ့ အမျိုးသားတွေအကျုံးဝင်မှာ ဖြစ်ပါတယ်။