အဝတ်ဗလာနဲ့ကလေးတစ်ဦးကို ဗီဒီယိုရိုက်ယူခဲ့တယ်လို့ စွပ်စွဲခံရတဲ့ စင်္ကာပူသံတမန် တစ်ဦး ဂျပန်ကနေ ထွက်ခွာခဲ့

တိုကျိုမြို့က အများသူငါ ရေချိုးခန်းမှာ ကိုယ်လုံးတီးဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးကို ဗီဒီယိုလျှို့ဝှက်ရိုက်ကူးခဲ့တယ်လို့ သံသယရှိခံရတဲ့ ဂျပန်မှာရှိတဲ့ သံရုံးက ကောင်စစ်ဝန်ဟောင်းတစ်ဦးဟာ စင်္ကာပူနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အသက် ၅၅ နှစ်အရွယ် အဲဒီသံတမန်ဟာ ဖေဖော်ဝါရီလက ရေချိုးခန်းတစ်ခုက အဝတ်လဲခန်းအတွင်းမှာ ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို စမတ်ဖုန်းသုံးပြီး လျှို့ဝှက်စွာ ဗီဒီယို ရိုက်ကူးခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ အဲဒီတုန်းက အဲဒီအမျိုးသားဟာ သံရုံးမှာ အလုပ်လုပ်နေပါတယ်။

တိုကျိုမြို့တော်ရဲဌာနက ကလေးညစ်ညမ်းရုပ်ပုံစာပေနဲ့ တခြားအရာတွေ တားမြစ်ပိတ်ပင်ရေးဆိုင်ရာဥပဒေတွေနဲ့ အဲဒီအမှုကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

အဲဒီစွပ်စွဲချက် ထွက်ပေါ်လာပြီးနောက် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဂျပန်မှာရှိတဲ့ သူ့ရဲ့သံရုံးကတစ်ဆင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂျပန်အာဏာပိုင်တွေက ဝန်ကြီးဌာနကို အရင်က အကြောင်းကြားခဲ့တာမျိုး မရှိဘူးလို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

"အဲဒီဝန်ထမ်းဟာ သတ်မှတ်ထားတဲ့အတိုင်း သူ့ရဲ့တာဝန်ပြီးစီးသွားခဲ့ပြီး ဧပြီလလယ်မှာ စင်္ကာပူကို ပြန်ခဲ့တယ်" လို့လည်း ဆိုထားပါတယ်။

စုံစမ်းစစ်ဆေးမှုကို ပံ့ပိုးကူညီဖို့ အဲဒီအရာရှိကို တာဝန်ကနေ ဆိုင်းငံ့ထားတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဂျပန်အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီစွပ်စွဲချက်တွေ မှန်ကန်တယ်လို့ သက်သေပြခဲ့ရင် ၀န်ကြီးဌာနအနေနဲ့ အဲဒီလူကို သံတမန်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကင်းလွတ်ခွင့်ပြုဖို့ ပြင်ဆင်ထားတယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။