ဂျပန်ဝန်ကြီးချုပ် ဘရာဇီးလ်သမ္မတနဲ့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ဖို့ ဘရာဇီးလ်နိုင်ငံကို ရောက်ရှိ

ဂျပန်ဝန်ကြီးချုပ် Kishida Fumio ဟာ ဘရာဇီးလ်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ ဘရာဇီးလ်သမ္မတ Luiz Inacio Lula da Silva နဲ့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

မစ္စတာ Kishida ဟာ ပြင်သစ်နဲ့ တောင်အမေရိကနိုင်ငံတွေကို သွားရောက်နေတဲ့ သူ့ခရီးစဉ်ရဲ့ ဒုတိယတစ်ထောက်အဖြစ် ကြာသပတေးနေ့ညမှာ မြို့တော် Brasilia ကို ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ၈ နှစ် အတွင်း ဂျပန်ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ ဘရာဇီးလ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်ပါတယ်။

မစ္စတာ Kishida ဟာ သောကြာနေ့မှာ သမ္မတ Lula နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ကမ္ဘာတဝန်းက ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေး သူတို့ သဘောတူညီမယ်လို့ မျှော်လင့်ရပါတယ်။ ဘရာဇီးလ်ဟာ G 20 အဖွဲ့ရဲ့ အခုနှစ် ဥက္ကဌ ဖြစ်ပါတယ်။

COP30 ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ ညီလာခံကို လာမယ့်နှစ်အတွင်း ဘရာဇီးလ်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့အတွက် အမေဇုန် မိုးသစ်တောကို ကာကွယ်ဖို့ ဂျပန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုကို မစ္စတာ Kishida က ကြေညာဖွယ် ရှိပါတယ်။

ဝန်ကြီးချုပ် Khishida ဟာ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် သစ်တောပြုန်းတီးမှု တားဆီးရေးကို ကူညီပြီး၊ အမေဇုန်ဒေသကို ကာကွယ်ဖို့အတွက် ပျက်ဆီးသွားတဲ့ မြေသားတွေကို ပြန်လည်ထူထောင်ရေးတို့အတွက် ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးမယ့် အစီအစဉ်ကိုလည်း ကြေညာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာ Kishida ဟာ Global South လို့ လူသိများတဲ့ ဖွံ့ဖြိုးစနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဦးဆောင်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံနဲ့ ဆက်ဆံရေးကို ခိုင်မာအောင် ကြိုးပမ်းနေပါတယ်။