US Steel ကို ဝယ်ယူဖို့ အစီအစဉ် ဒီဇင်ဘာလအထိ Nippon Steel ရွှေ့ဆိုင်း

United States Steel ကို ဝယ်ယူဖို့ သူ့ရဲ့အစီအစဉ်ကို အခုနှစ်ကုန်အထိ ရွှေ့ဆိုင်းမယ်လို့ Nippon Steel ကပြောပါတယ်။ အမေရိကန်သံမဏိထုတ်လုပ်တဲ့ကုမ္ပဏီကြီးကို စက်တင်ဘာလမှာ ရယူဖို့ အဲဒီဂျပန်ကုမ္ပဏီက ကနဦးမှာ စီစဉ်ထားခဲ့ပါတယ်။

Nippon Steel က သောကြာနေ့မှာ အဲဒီလို ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ဂျပန်သံမဏိထုတ်လုပ်တဲ့ကုမ္ပဏီကြီးဖြစ်တဲ့ Nippon Steel ဟာ အမေရိကန်အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရယူဖို့အတွက် အချိန်ကာလအပိုင်းအခြားကို သေချာစဉ်းစားပြီးတဲ့နောက် ခန့်မှန်းခြေ အပြီးသတ် သတ်မှတ်ရက်ကို ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ ပြောပါတယ်။

အရောင်းအ၀ယ်ကို အပြီးသတ်ဖို့ သူ့ရဲ့သန္နိဋ္ဌာန်ကိုလည်း Nippon Steel က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Nippon Steel က US Steel ကို ရာနှုန်းပြည့်ပိုင် လုပ်ငန်းခွဲအဖြစ် ပြုလုပ်ဖို့နဲ့ ဒီနှစ် စက်တင်ဘာလမှာ အပြီးသတ်ဝယ်ယူဖို့ သဘောတူညီခဲ့တယ်လို့ မနှစ်က ဒီဇင်ဘာလမှာ ပြောဆိုခဲ့ပါတယ်။

US Steel ရဲ့ အစုရှယ်ယာရှင်တွေဟာ ဧပြီလက ပြုလုပ်ခဲ့တဲ့ အထွေထွေအစည်းအဝေးမှာ အဲဒီလွှဲပြောင်းရယူဖို့ အဆိုပြုမှုကို အတည်ပြုခဲ့ပေမဲ့ United Steelworkers အလုပ်သမားသမဂ္ဂက အဲဒါကို ကန့်ကွက်ခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း Donald Trump က နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့မယ်ဆိုရင် အဲဒီသဘောတူညီချက်ကို ချက်ခြင်းပိတ်ဆို့မယ်လို့ အစောပိုင်းက ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ Joe Biden က လည်း US Steel ဟာ "လုံးဝအမေရိကန်ပိုင်" အဖြစ် ဆက်လက်ရှိနေသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။