ဆီးရီးယားက လေကြောင်းမှားယွင်းတိုက်ခိုက်မှုမှာ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ အမေရိကန်က ဝန်ခံ

ပြီးခဲ့တဲ့နှစ်က ဆီးရီးယားက အယ်လ်ကိုင်ဒါ အကြီးတန်းခေါင်းဆောင်တစ်ဦးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတစ်ဦး သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းပါတယ်လို့ အမေရိကန်စစ်တပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ အကြမ်းဖက်ဝါဒနှိမ်နင်းရေး လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့တယ်လို့ အမေရိကန်ဗဟိုစစ်ဌာနချုပ်က ကြာသပတေးနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ ရည်ရွယ်ထားတဲ့ အယ်လ်ကိုင်ဒါပစ်မှတ်ကို မှားယွင်းသတ်မှတ်ခဲ့ပြီး Lufti Hasan Masto အမည်ရှိတဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း စစ်တပ်ရဲ့စုံစမ်းစစ်ဆေးမှုက ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဗဟိုစစ်ဌာနချုပ်က အရပ်သားထိခိုက်မှုကို အသိအမှတ်ပြုပြီး ဝမ်းနည်းရတယ်လို့ ပြောပါတယ်။ "အရပ်သား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အသေးစိတ်နဲ့ စေ့စေ့စပ်စပ်ပစ်မှတ်ထားပြီး ထိုးစစ်လုပ်ငန်းစဉ်တွေကို ဆက်လက်ကျင့်သုံးမယ်" လို့ ကတိပြုခဲ့ပါတယ်။

အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုဟာ အရပ်သားတစ်ဦးကို မှားယွင်းစွာ ထိမှန်ခဲ့ဖွယ်ရာ ရှိတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက ပြီးခဲ့တဲ့မေလမှာ ဖော်ပြခဲ့ပြီးတဲ့နောက် အမေရိကန်စစ်တပ်က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်မှာလည်း ၂၀၂၁ ခုနှစ်က အမေရိကန် ဒရုန်းတိုက်ခိုက်မှုတစ်ခုမှာ မှားယွင်းပြီး ကလေးတွေအပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပါတယ်။