ယူကရိန်းငြိမ်းချမ်းရေးညီလာခံကို ဆွစ်ဇာလန်နိုင်ငံက ဇွန်လမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်

ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လာမယ့်လအတွင်း နိုင်ငံတကာ ညီလာခံတစ်ခု ကျင်းပရေးကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆွစ်ဇာလန်နိုင်ငံက ပြောလိုက်ပါတယ်။ အဲဒီအစည်းအဝေးကို ယူကရိန်းက အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ တခြားအဆိုပြုချက်တွေအပေါ် အခြေခံပြီး ပြုလုပ်သွားမယ်လို့ ဆွစ်ဇာလန်နိုင်ငံက ပြောပါတယ်။

ယူကရိန်း ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကို Burgenstock အပန်းဖြေစခန်းမှာ ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ ကျင်းပမှာဖြစ်ကြောင်း ဆွစ်ဇာလန်အစိုးရက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီထိပ်သီးအစည်းအဝေးကို ကမ္ဘာတဝန်းက ကိုယ်စားလှယ် ၁၆၀ ကျော်ကို ဖိတ်ထားတယ်လို့ ဆွစ်ဇာလန်အစိုးရက ပြောပါတယ်။

အဲဒီထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ စိတ်မဝင်စားကြောင်း ရုရှားအစိုးရက အကြိမ်ကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် ရုရှားကို ဒီအဆင့်မှာ ဖိတ်ကြားခြင်း မရှိသေးကြောင်း ဆွစ်ဇာလန်က ပြောပါတယ်။

ရုရှား မပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ စဉ်းစားလို့မရဘူးလို့ ဆွစ်ဇာလန်က ဖော်ပြခဲ့ပြီး အဲဒီညီလာခံအပြီးမှာ ရုရှားအစိုးရကို ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းမှာဖြစ်ကြောင်း ရည်ညွှန်းပြောကြားခဲ့ပါတယ်။

ယူကရိန်းပိုင်နက်နယ်မြေတွေထဲက ရုရှားတပ်တွေ ဆုတ်ခွာရေးနဲ့ ယူကရိန်းရဲ့ပိုင်နက်နယ်မြေတွေ ပြန်လည်ရရှိရေးတို့ ပါဝင်တဲ့ အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို ယူကရိန်းက တင်ပြခဲ့ပါတယ်။

ရုရှား မပါဝင်တဲ့ ညီလာခံကနေ လေးနက်တဲ့ ဘယ်အရာကိုမှ မျှော်လင့်ဖို့ မဖြစ်နိုင်ကြောင်း ရုရှားသမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့ပါတယ်။