ခေါင်းဆောင်ဖြစ်သူက အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို "အပြုသဘောဆောင်တဲ့စိတ်ဓာတ်" နဲ့ လေ့လာနေတယ်လို့ ဟားမတ်စ်အဖွဲ့ပြော

အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ရဲ့ခေါင်းဆောင်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို "အပြုသဘောဆောင်တဲ့ စိတ်ဓာတ်" နဲ့ စစ်ဆေးနေတယ်လို့ အဲဒီအဖွဲ့က ပြောလိုက်ပါတယ်။

အဖွဲ့ခေါင်းဆောင် Ismail Haniyeh ဟာ အီဂျစ်ထောက်လှမ်းရေးအကြီးအကဲနဲ့ တယ်လီဖုန်းကနေ စကားပြောခဲ့တယ်လို့ ကြာသပတေးနေ့က လူမှုမီဒီယာမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဟားမတ်စ်အဖွဲ့က ဖော်ပြခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသအတွင်း အပစ်အခတ်ရပ်စဲရေးနဲ့ အဲဒီဒေသထဲမှာ ကျန်နေသေးတဲ့ ဓားစာခံတွေကို လွှတ်ပေးရေးတို့အတွက် အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့တို့ကြား သဘောတူညီချက်ရရှိဖို့ အီဂျစ်က ကြားဝင်ညှိနှိုင်း ပေးနေပါတယ်။

"ဆက်လက်ပြုလုပ်နေတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ အပြီးသတ်ဖို့" အတွက် ဟားမတ်စ်က ကိုယ်စားလှယ်အဖွဲ့ဟာ အီဂျစ်ကို အမြန်ဆုံး လာရောက်မှာ ဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် Haniyeh က အီဂျစ်ကို အာမခံထားကြောင်း အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဟားမတ်စ်က ကိုယ်စားလှယ်အဖွဲ့ဟာ ကိုင်ရိုမြို့ကို ၂ ရက် အတွင်း ရောက်ရှိမယ်လို့ အီဂျစ်သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး အရှေ့အလယ်ပိုင်းအခြေစိုက် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီညှိနှိုင်းမှု ဘယ်လိုဖြစ်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဟာ တောင်ပိုင်းက Rafah မြို့ကို မြေပြင်ထိုးစစ်ဆင်ဖို့ အဆင်သင့်ဖြစ်နေပုံရပါတယ်။

ဒီအတောအတွင်း အစ္စရေးစစ်တပ်ဟာ ကြာသပတေးနေ့မှာ ဂါဇာ ကို ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ကျန်းမာရေးအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာလ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ နောက်ပိုင်း လူပေါင်း ၃၄,၅၉၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။