နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်မှာ ဂျပန်အစိုးရနဲ့ ဗဟိုဘဏ်တို့ ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ ဈေးကွက်အတွင်း သံသယရှိနေ

ဂျပန်အချိန် ကြာသပတေးနေ့ မနက်အစောပိုင်းက နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်မှာ ဂျပန်ယန်းငွေဟာ အမေရိကန်ဒေါ်လာနဲ့လဲလှယ်ရာမှာ အခိုက်အတန့်အားဖြင့် တစ်ဒေါ်လာကို ၁၅၃ ယန်းအထိ ဈေးတက်လာခဲ့ပါတယ်။

ဂျပန်အစိုးရနဲ့ ဂျပန်ဗဟိုဘဏ် (BOJ) တို့က စျေးကွက်မှာ ဝင်ရောက်စွက်ဖက်ခဲ့တာဖြစ်နိုင်တယ်လို့ စျေးကွက်မှာ လှုပ်ရှားနေသူတွေက သံသယရှိနေကြပါတယ်။

ကြာသပတေးနေ့ မနက် ၅ နာရီနောက်ပိုင်းမှာ ယန်းငွေဟာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

ဒေသအချိန် ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ အမေရိကန် ဗဟိုဘဏ်ရဲ့ မူဝါဒဆိုင်ရာ အစည်းအဝေးအပေါ် စျေးကွက်ထဲကလူတွေက အာရုံစိုက်နေခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးအပြီးမှာ ဂျပန်ယန်းငွေဟာ တစ်ဒေါ်လာကို ၄ ယန်းကျော် မြင့်တက်သွားပြီး ၁၅၃ ယန်း ဖြစ်လာခဲ့ပါတယ်။

ယန်းငွေဟာ တနင်္လာနေ့တုန်းကလည်း အလားတူ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ဂျပန်အစိုးရနဲ့ BOJ တို့က လျှို့ဝှက်ဝင်ရောက်စွက်ဖက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့တဲ့ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ စျေးကွက်မှာ လှုပ်ရှားနေသူတွေကဆိုနေပြီး စျေးကွက်ထဲမှာ အထူးသတိထားနေကြပါတယ်။

ဂျပန်ရဲ့ ငွေကြေးအာဏာပိုင်တွေက အခုလောလောဆယ်မှာ တရားဝင်ကြေညာမှု တစ်စုံတစ်ရာ မရှိသေးပါဘူး။

နိုင်ငံတကာရေးရာ ဂျပန်ဘဏ္ဍာရေး ဒုတိယဝန်ကြီး Kanda Masato က သူ့အနေနဲ့ မှတ်ချက်တစ်စုံတစ်ရာ မပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ယန်းငွေဟာ ကြာသပတေးနေ့ရဲ့ နောက်ပိုင်းအချိန်တွေမှာ အားပျော့လာခဲ့ပြီး အခိုက်အတန့်အားဖြင့် ၁၅၆ ယန်းအဆင့်အထိ ကျခဲ့ပါတယ်။ ဂျပန်အချိန် ကြာသပတေးနေ့ ညနေ ၅ နာရီမှာ တစ်ဒေါ်လာကို ၁၅၅.၅ ယန်းဝန်းကျင်အဆင့်နဲ့ ရောင်းဝယ်နေပါတယ်။

ဂျပန်အစိုးရနဲ့ BOJ တို့ရဲ့ စျေးကွက်နဲ့အကြား လွန်ဆွဲမှု ဆက်လက် ဖြစ်ပေါ်နေပါတယ်။