ရွေးကောက်ပွဲ မဲဆွယ်ပွဲတစ်ခုမှာ အမေရိကန် သမ္မတက ဂျပန်ဟာ ‘နိုင်ငံခြားသားမုန်းတီးတယ်’ လို့ ပြောဆိုခဲ့

ရွှေ့ပြောင်းအခြေချသူတွေကို လက်ခံခဲ့တာကြောင့် အမေရိကန်စီးပွားရေး ကြီးထွားလာတယ်လို့ ပြောရင်း အမေရိကန်သမ္မတ Joe Biden က ဂျပန်ရဲ့ စီးပွားရေးပြဿနာတွေဟာ နိုင်ငံခြားသားမုန်းတီးမှုကြောင့်ဖြစ်တယ်လို့ အပြစ်တင်ခဲ့ကြောင်း သိရပါတယ်။

ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မှာ ကျင်းပတဲ့ ၂၀၂၄ ရွေးကောက်ပွဲအတွက် သူထပ်ပြီး အရွေးခံဖို့မဲဆွယ်တဲ့ ရန်ပုံငွေရှာဖွေရေးပွဲတစ်ပွဲမှာ မစ္စတာ Biden က အဲဒီလို မှတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်စီးပွားရေး တိုးလာရခြင်းအကြောင်းရင်းတစ်ခုက ရွှေ့ပြောင်းအခြေချသူတွေကို ကြိုဆိုခဲ့တာကြောင့်ဖြစ်တယ်ဆိုတဲ့ မစ္စတာ Biden ရဲ့ ပြောကြားချက်ကို Reuters သတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။

မစ္စတာ Biden က "တရုတ် ဘာဖြစ်လို့ စီးပွားရေးအရ ဒီလောက် ထိုင်းမှိုင်းနေရတာလဲ၊ ဂျပန် ဘာဖြစ်လို့ ဒုက္ခရောက်နေရတာလဲ၊ ရုရှား ကရော၊ အိန္ဒိယကရော ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲဆိုတော့ သူတို့က နိုင်ငံခြားသား မုန်းတီးတာကြောင့်ဖြစ်တယ်။ သူတို့ဟာ ရွှေ့ပြောင်းအခြေချသူတွေကို မလိုချင်ဘူး။ ရွှေ့ပြောင်းအခြေချသူတွေဟာ ကျွန်တော်တို့ကို အားကောင်းသန်မာစေတယ်" လို့ ဆက်ပြောခဲ့ပါတယ်။

အမေရိကန်မီဒီယာ Bloomberg ကလည်း မစ္စတာ Biden ရဲ့မှတ်ချက်တွေကို ဖော်ပြခဲ့ပါတယ်။ အရင်တုန်းက မစ္စတာ Biden ဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးမပြေလည်မှုတွေနဲ့ ဆက်စပ်ပြီး ပြောင်းရွှေ့နေထိုင်မှုတွေကို လက်ခံဖို့ မလိုလားခဲ့တာကြောင့်လို့ ဆိုခဲ့ပြီး သူက အခုတစ်ခါမှာ ရုရှားနဲ့ ကာလရှည်ကြာ မဟာမိတ်ဖြစ်တဲ့ ဂျပန်ကိုပါ ထည့်သွင်းပြောကြားခဲ့တယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။

မစ္စတာ Biden ရဲ့ "ဝေဖန်မှုတွေ၊ အမေရိကန်ရဲ့ အဓိကပြိုင်ဘက်နှစ်ဦးနဲ့ တစ်တန်းတည်း ဖော်ပြခြင်းခံရတဲ့အချက်တွေကြောင့် ဂျပန်မှာ မကျေနပ်မှုတွေ ပေါက်ဖွားလာနိုင်တယ်လို့ Bloomberg က မှတ်ချက်ပြုခဲ့ပါတယ်။