မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို စောင့်ကြည့်ရေး စနစ်သစ် နိုင်ငံ ၄၉ နိုင်ငံ နဲ့ ဥရောပသမဂ္ဂ က တောင်းဆို

နိုင်ငံပေါင်း ၄၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂ EU တို့ဟာ မြောက်ကိုရီးယားအပေါ်ဒဏ်ခတ်ပိတ်ဆို့မှု စောင့်ကြည့်ရေးဆိုင်ရာ စနစ်သစ်ကို တောင်းဆိုထားတဲ့ ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။

အဲဒီတာဝန်ကို ပေးအပ်ထားခြင်းခံရတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပြီးနောက် အဒီအဖွဲ့ကို ဧပြီလ ၃၀ ရက်နေ့မှာ ဖျက်သိမ်းခဲ့ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မြောက်ကိုရီးယားက ဘယ်လို ရှောင်တိမ်းနေတယ်ဆိုတာအပြင် နျူကလီးယားနဲ့ ဒုံးကျည်တီထွင်ထုတ်လုပ်ရေး အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နေတာနဲ့ ပတ်သက််တဲ့အစီရင်ခံစာတွေနဲ့ လေ့လာသုံးသပ်မှုတွေကို အဲဒီအဖွဲ့က လုပ်ဆောင်ပေးခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ဟာ ဗုဒ္ဓဟူးနေ့က နယူးယောက်မြိုမှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ အဲဒီပူးတွဲကြေညာချက်ကို ဖတ်ကြားခဲ့ပါတယ်။

"ရုရှားက ဗီတိုအာဏာကို သုံးခဲ့တဲ့အတွက် လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ စီမံချက်တွေကို အကောင်အထည်ဖော်ရေး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအတွက် အရေးကြီးတဲ့ အချက်အလက်တွေနဲ့ လမ်းညွှန်ချက်တွေကို ဆုံးရှုံးခဲ့ရတယ်" လို့ သူက ပြောခဲ့ပါတယ်။

မီးစ် Thomas-Greenfield က " လုံခြုံရေးကောင်စီရဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို အဖွဲ့ဝင်နိုင်ငံအားလုံးက လိုက်နာဖို့ မရှိမဖြစ် လိုအပ်တယ်ဆိုတာနဲ့ အဲဒီကျွမ်းကျင်သူအဖွဲ့ ရဲ့ သက်တမ်းကုန်ဆုံးမှုကို ထည့်သွင်းစဉ်းစားရင်း ဒီလို ရည်ရွယ်ချက်မျိုးနဲ့ အမှီအခိုကင်းတဲ့ လေ့လာသုံးသပ်မှုမျိုးကို ဆက်လက်ရရှိဖို့ ဘယ်လို လုပ်ဆောင်မလဲဆိုတာကို ကျွန်မတို့ အခု စဉ်းစားရမှာ ဖြစ်ပါတယ် " လို့ ပြောပါတယ်။

"ဒီလို ဖြစ်လာစေဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်" လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။