ယူကရိန်းမှာ ဖမ်းမိတဲ့ အနောက်နိုင်ငံတွေက 'အောင်ပွဲခံ' လက်နက်တွေကို ရုရှားက ပြသ

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဟာ ယူကရိန်းမှာ ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တယ်လို့ ဆိုတဲ့ အနောက်နိုင်ငံတွေက တင့်ကားတွေနဲ့ တခြား "အောင်ပွဲခံ" လက်နက်တွေကို ပြသခဲ့ပါတယ်။

Moscow မြို့ Victory Park မှာ ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်ခဲ့တဲ့ ပြပွဲတစ်ခုမှာ အမေရိကန်နဲ့ ဂျာမနီက တင့်ကားတွေ အပါအဝင် စစ်ရေးသုံးပစ္စည်း ၃၀ ကျော်ကို အများပြည်သူကို ပြသထားပါတယ်။

အဲဒီပြပွဲဟာ ယူကရိန်းနိုင်ငံအတွင်း ရုရှားရဲ့အောင်မြင်မှုတွေကို မီးမောင်းထိုးပြဖို့နဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံရဲ့ စိတ်ဓာတ်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားပုံရပါတယ်။

ပြသထားတဲ့ အကြီးစားလက်နက်တွေထဲမှာ ဂျာမနီီနိုင်ငံက Leopard 2 တင့်ကား အပြင် အမေရိကန်ထုတ် Abrams တင့်ကားနဲ့ Bradley ခြေလျင်တပ်တိုက်ခိုက်ရေးယာဉ်တစ်စီးတို့ ပါဝင်ပါတယ်။

ဗြိတိန်နဲ့ ပြင်သစ်တို့လို တခြား နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းနိုင်ငံကို ပေးထားတဲ့ လက်နက်တွေလည်း ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

မေလ ၇ ရက် နေ့မှာ ကျရောက်မယ့် ရုရှားသမ္မတ Vladimir Putin ရဲ့ ၅ ကြိမ်မြောက် သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ မေလ ၉ ရက်နေ့မှာ ပြုလုပ်မယ့် အောင်ပွဲနေ့ အထိမ်းအမှတ်ပွဲတွေကို ကျင်းပဖို့ ရုရှားနိုင်ငံက ပြင်ဆင်နေချိန်မှာ အဲဒီပြပွဲကို ကျင်းပခဲ့တာပါ။ အဲဒီအောင်ပွဲနေ့ကို ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်ပြည်ထောင်စုက နာဇီဂျာမနီကို အနိုင်ရခဲ့တဲ့ အထိမ်းအမှတ် ကျင်းပတာဖြစ်ပြီး ရုရှားရဲ့ အရေးအပါဆုံး အားလပ်ရက်တွေထဲက တစ်ခု ဖြစ်ပါတယ်။