နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဂျပန် နဲ့ ပြင်သစ် ၀န်ကြီးချုပ်တွေ သဘောတူ

ဂျပန်ဝန်ကြီးချုပ် Kishida Fumio ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအားဖြည့်ရေးနဲ့ ယူကရိန်းနဲ့ အရှေ့အာရှကအနေအထားတွေမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေး ပြင်သစ် ဝန်ကြီးချုပ် Gabriel Attal နဲ့ သဘောတူခဲ့ပါတယ်။

မစ္စတာ Kishida ဟာ ဗုဒ္ဓဟူးနေ့က ပဲရစ်မှာ မစ္စတာ Attal နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါဟာ မစ္စတာ Attal ရာထူးထမ်းဆောင်ခဲ့တဲ့နောက်ပိုင်း သူတို့နှစ်ဦး ပထမဆုံးတွေ့ဆုံမှု ဖြစ်ပါတယ်။

ဆွေးနွေးပွဲအစမှာ မစ္စတာ Kishida က နိုင်ငံတကာအနေအထားတွေ တင်းမာနေတဲ့ကြားမှာ ပြင်သစ်ဟာ ဂျပန်အတွက် တူညီတဲ့ စံချိန်စံညွှန်းတွေနဲ့ အခြေခံမူတွေရှိတဲ့ ထူးခြားတဲ့မိတ်ဖက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ သဘောတူထားတဲ့ ၅ နှစ်တာ လမ်းပြမြေပုံကတစ်ဆင့် မိမိတို့နိုင်ငံတွေရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေမယ်လို့ သူတို့နှစ်ဦးက အတည်ပြုခဲ့ပါတယ်။ အဲဒီထဲမှာ လုံခြုံရေးနဲ့ စီးပွားရေး အပါအဝင် ကျယ်ပြန့်တဲ့ နယ်ပယ်တွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုလည်း ပါဝင်ပါတယ်။

ပဲရစ်မှာ ကျင်းပမယ့် နွေရာသီ အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပြိုင်ပွဲတွေနဲ့ အိုစာကာမှာ ကျင်းပမယ့် Expo 2025 ကုန်စည်ပြပွဲတွေလို ပွဲတွေကတစ်ဆင့် နှစ်နိုင်ငံပြည်သူတွေအကြား အပြန်အလှန်ကူးလူးဆက်ဆံမှုတွေ ပိုမိုအားကောင်းလာဖို့ မျှော်လင့်ချက်ကို ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။