ဂန္တဝင်ဂီတ စန္ဒရားပညာရှင် Fujiko Hemming အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်

အသက် ၆၀ နှောင်းပိုင်းကာလအတွင်း သူ့ရဲ့ အရောင်းရဆုံး ပွဲဦးထွက် အယ်လ်ဘမ်ကို ထုတ်ဝေခဲ့တဲ့ ဂန္တဝင်ဂီတစန္ဒရားပညာရှင် Fujiko Hemming ဟာ အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

မတ်လအတွင်းက သူ့မှာ ပန်ကရိယကင်ဆာ ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဧပြီလ ၂၁ ရက်နေ့မှာ ကွယ်လွန်သွားတယ်လို့ Fujiko Hemming ဖောင်ဒေးရှင်းက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

မီးစ် Hemming ကို ဆွီဒင်လူမျိုး ဖခင်နဲ့ ဂျပန်လူမျိုး မိခင်တို့က မွေးဖွားခဲ့ပါတယ်။ သူဟာ အသက် ၅ နှစ် အရွယ်မှာ မိခင်နဲ့အတူ စန္ဒရားကို စတင်သင်ယူခဲ့ပါတယ်။

မီးစ် Hemming ဟာ အသက် ၁၇ နှစ် အရွယ်မှာ စန္ဒရားပညာရှင်အဖြစ် ပွဲဦးထွက် ဖျော်ဖြေခဲ့ပါတယ်။ တိုကျိုအနုပညာ တက္ကသိုလ်က ဘွဲ့ရပြီးနောက် အသက် ၂၈ နှစ်အရွယ်မှာ ဂီတပညာကို လေ့လာသင်ယူဖို့ ဂျာမနီနိုင်ငံကိုပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ လှုပ်ရှားမှုတွေကို ဥရောပမှာ အခြေစိုက်ခဲ့ပါတယ်။

မီးစ် Hemming ဟာ အရေးကြီးတဲ့ ဖျော်ဖြေပွဲတစ်ခု မတိုင်မီ နေမကောင်းဖြစ်ပြီး အကြားအာရုံ ခေတ္တ ဆုံးရှုံးခဲ့ပေမဲ့ စန္ဒရားကို ဆက်လက် တီးခတ်ခဲ့ပါတယ်။

တည်ငြိမ်မှုမရှိတဲ့ သူ့ရဲ့ ဘဝနဲ့ ဂီတလောကမှာ ပြန်လည်ရှင်သန်နိုင်ဖို့ ကြိုးစားမှုတွေ အကြောင်း မှတ်တမ်းတင် အစီအစဉ်တစ်ခုကို ၁၉၉၉ ခုနှစ်မှာ NHK က ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ သူ့ရဲ့ ပွဲဦးထွက် အယ်လ်ဘမ် "La Campanella" ကို ထုတ်ဝေခဲ့ပြီး အချပ်ရေ ၂ သန်းကျော် ရောင်းချခဲ့ရပါတယ်။ ဒါဟာ ဂန္တဝင် ဂီတအယ်လ်ဘမ်တစ်ခုအတွက် မကြုံစဖူး ကိန်းဂဏန်း ဖြစ်ခဲ့ပါတယ်။

သူဟာ နိုင်ငံတကာမှာ ကျော်ကြားတဲ့ သံစုံတီးဝိုင်းတွေနဲ့ ဖျော်ဖြေခဲ့ပြီး အသက် ၉၀ ပြည့်ပြီးနောက်ပိုင်းမှာတောင် စန္ဒရားကို အားသွန်ခွန်စိုက် ဆက်လက် တီးခတ်ခဲ့ပါတယ်။