Rafah မှာ အစ္စရေးရဲ့ ကြီးမားတဲ့ထိုးစစ်ကို အမေရိကန်ပြည်ထောင်စုက မထောက်ခံနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဆို

အရပ်သားတွေကို အကာအကွယ်ပေးဖို့ ထိရောက်တဲ့ အစီအစဉ်မရှိဘဲ ဂါဇာတောင်ပိုင်း Rafah မြို့မှာ အစ္စရေးရဲ့ ကြီးမားတဲ့စစ်ဆင်ရေးကို အမေရိကန်ပြည်ထောင်စုက မထောက်ခံနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။

မစ္စတာ Blinken ဟာ ဗုဒ္ဓဟူးနေ့က အစ္စရေးမှာ ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တွေ့ဆုံပြီးနောက် အဲဒီလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွှတ်ပေးရေး လက်ရှိလုပ်ဆောင်နေတဲ့ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။

အစ္စရေးအစိုးရက ထိရောက်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်ကို တင်ပြခြင်းမရှိခဲ့ဘူးလို့ မစ္စတာ Blinken က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ Rafah မှာ ကြီးမားတဲ့စစ်ဆင်ရေး မပါဝင်ဘဲ ဟားမတ်စ်ကို ကိုင်တွယ်ရေး တခြားနည်းလမ်းတွေလည်း ရှိသေးတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

သဘောတူညီချက် ရသည်ဖြစ်စေ မရသည်ဖြစ်စေ ထိုးစစ်ဆင်မှုကို သူတို့ ဆက်လုပ်သွားမယ်လို့ အစောပိုင်းမှာ မစ္စတာ Netanyahu က ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေနဲ့ပတ်သက်တဲ့ သဘောတူညီချက်တစ်ရပ်ရရှိမယ်ဆိုရင် ဒါကိုအခြေခံ တည်ဆောက်ပြီး ရေရှည်တည်တံ့တဲ့အရာတစ်ခု ရရှိဖို့ နည်းလမ်းတွေကို ရှာဖွေမယ်ဆိုတဲ့ သဘောညီချက်တစ်ခု အမေရိကနဲ့ အစ္စရေးတို့အကြား မှာ ရှိတယ်လို့ မစ္စတာ Blinken က ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ ဟားမတ်စ်အဖွဲ့ကို သူကထပ်မံတိုက်တွန်းခဲ့ပါတယ်။