၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း Narita လေဆိပ်ကို နိုင်ငံခြားသားခရီးသည် အသုံးပြုမှု စံချိန်တင် မြင့်မားခဲ့

ဂျပန်နိုင်ငံက Narita လေဆိပ်ကို အသုံးပြုခဲ့တဲ့ နိုင်ငံခြားသားခရီးသည် အရေအတွက်ဟာ မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်းခရီးသည် ၂၇.၄၄ သန်း လောက်ဟာ တိုကျိုမြို့ပြင်မှာရှိတဲ့ Narita လေဆိပ် ကို နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေနဲ့ ဆိုက်ရောက်၊ ထွက်ခွာတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ Narita International Airport Corporation က ပြောပါတယ်။

အဲဒီကိန်းဂဏန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ မတိုင်မီ ၂၀၁၉ ဘဏ္ဍာရေးနှစ်တုန်းက အဆင့်ရဲ့ ၈၀ ရာခိုင်နှုန်းလောက် ဖြစ်ပေမဲ့ ၂၀၂၂ ဘဏ္ဍာရေးနှစ်ရဲ့ နှစ်ဆကျော် ဖြစ်ပါတယ်။

နိုင်ငံခြားသားခရီးသည်ကတေ့ စုစုပေါင်း ၁၇.၈၉ သန်းလောက် ရှိခဲ့ပြီး စံချိန်တင်များပြားခဲ့ပါတယ်။

အဲဒီလို များလာတာဟာ ကပ်ရောဂါအလွန်ကာလမှာ ဂျပန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်တာနဲ့ ယန်းငွေတန်ဖိုး ကျဆင်းနေတာတွေကြောင့် ဖြစ်ပါတယ်။

ဒီအတောအတွင်း နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကို အသုံးပြုခဲ့တဲ့ ဂျပန်ခရီးသည် စုစုပေါင်း ၆.၇၈ သန်းလောက် ရှိခဲ့ပြီး ၂၀၁၉ ဘဏ္ဍာရေးနှစ်ရဲ့ ထက်ဝက်လောက် ရှိပါတယ်။

Narita International Airport Corporation ဥက္ကဋ္ဌ Tamura Akihiko က ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လေယာဉ်ခရီးစဉ်လိုအပ်ချက် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့တယ်လို့ ပြောပါတယ်။ ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာလည်း ပိုပြီး ဦးမော့လာမယ်လို့ မျှော်လင့်ရပေမဲ့ ကုမ္ပဏီအနေနဲ့ လေယာဉ်ကွင်းဆိုင်ရာနဲ့ တခြားအလုပ်တွေအတွက် ဝန်ထမ်း အရေအတွက် လုံလုံလောက်လောက် ရရှိရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ဆိုပါတယ်။