ဂျပန်ဧကရာဇ် နန်းသက် ၅ နှစ်ပြည့်မြောက်

ဒီဗုဒ္ဓဟူးနေ့ဟာ ဂျပန်ဧကရာဇ်ဘုရင်ကြီး Naruhito နန်းတက်တာ ၅ နှစ်ပြည့်မြောက်တဲ့ နေ့ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း ဧကရာဇ်ဘုရင်ကြီးဟာ နိုင်ငံတော်ရဲ့သင်္ကေတအဖြစ်တာဝန်ထမ်းဆောင်တဲ့ နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။

ထီးနန်းတက်ပြီးနောက် သူ့ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ဧကရာဇ်ဘုရင်က လူအများနဲ့တွေ့ဆုံပြီး သူတို့ရဲ့အကြောင်းတွေကို နားထောင်ပေးဖို့ ရရှိတဲ့ အခွင့်အရေးတွေကို တန်ဖိုးထားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သူဟာ အဲဒီကတိကဝတ်ကို စောင့်ထိန်းပြီး နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ပွဲလမ်းတွေကို တက်‌ရောက်ဖို့ မိဖုရား Masako နဲ့အတူ ဂျပန်နိုင်ငံတစ်ဝန်းက နေရာအမျိုးမျိုးကို ခရီးထွက်ခဲ့ပါတယ်။ အရင်ဘုရင်နဲ့မိဖုရားတို့ ချမှတ်ခဲ့တဲ့ ထုံးတမ်းစဉ်လာတွေအတိုင်း ဧကရာဇ်ဇနီးမောင်နှံတို့ဟာ သဘာဝဘေးကနေ အသက်ရှင်လွတ်မြောက်လာသူတွေကို အားပေးမှုတွေပြုလုပ်ဖို့ ဘေးဒဏ်ခံဒေသတွေဆီ သွားရောက်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြီးကြောင့် သူတို့ဇနီးမောင်နှံဟာ ခရီးစဉ်တွေကို ၃ နှစ်နီးပါး ရပ်ဆိုင်းထားခဲ့ရပါတယ်။ အဲဒီအစား သူတို့ဟာ အွန်လိုင်းအပြန်အလှန်ဆက်သွယ်မှုတွေကတစ်ဆင့် လူတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

နှစ်ဆန်းတစ်ရက်နေ့က ငလျင်လှုပ်ခတ်မှုခံခဲ့ရတဲ့ ဂျပန်အလယ်ပိုင်းက Ishikawa ခရိုင် နိုတိုကျွန်းဆွယ် ရပ်ရွာဒေသတွေကို အခုနှစ် မတ်လနဲ့ ဧပြီ‌လတွေထဲမှာ သူတို့ သွားရောက်ခဲ့ပါတယ်။ ဒါဟာ COVID-19 ကန့်သတ်ချက်တွေ ရုတ်သိမ်းပြီးနောက်ပိုင်း သူတို့ရဲ့ ပထမဆုံးသွားရောက်မှု ဖြစ်ပါတယ်။