နိုတိုငလျင်လှုပ်ပြီး လေးလအကြာ တိမ်းရှောင်ရေးစခန်းတွေမှာ လူပေါင်း ၄,၆၀၀ ခိုလှုံနေရဆဲ

ဇန်နဝါရီလ ၁ ရက်က Ishikawa ခရိုင် Noto ကျွန်းဆွယ်မှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် လေးလကြာတဲ့အထိ လူပေါင်း ၄,၆၀၀ ကျော်ဟာ တိမ်းရှောင်ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

သုည ကနေ ၇ အထိရှိတဲ့ ဂျပန်ငလျင်တိုင်းတာတဲ့စနစ်အရ ပြင်းအားအဆင့် ၇ ရှိပြီး၊ မဂ္ဂနိကျု ၇.၆ ရှိတဲ့ အဲဒီငလျင်ကြောင့် လူပေါင်း ၂၄၅ ဦး ‌သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ၃ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အဆောက်အဦစုစုပေါင်း ၇၈,၅၆၈ ခု ထိခိုက်ပျက်စီးသွားခဲ့ပြီး အဲဒီထဲက ၁၀ ရာခိုင်နှုန်းကျော် တစ်နည်းအားဖြင့် ၈,၁၄၂ ခုက လုံးဝပျက်စီးသွားခဲ့ပါတယ်။

ဘေးသင့်ရပ်ရွာဒေသတွေမှာ ယာယီအိမ်ရာတွေ ဆောက်လုပ်မှုကို အရှိန်မြှင့်တင်ဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပါတယ်၊။ ဧပြီလကုန်အထိ အိမ်ရာအလုံးရေ ၃,၃၀၀ ကျော် တည်ဆောက်ထားပြီး ဖြစ်ပါတယ်။

ယာယီအိမ်ရာတွေကို ရွှေ့ပြောင်းလာတဲ့ တိမ်းရှောင်သူဦးရေ တိုးလာပေမဲ့ တိမ်းရှောင်ရေးစခန်းတွေမှာ ၄,၆၀၆ ဦးဟာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

အိမ်ထောင်စု ၃,၇၈၀ လောက်မှာ ရေပြတ်လပ်နေဆဲဖြစ်ပြီး အများအပြားဟာ Suzu နဲ့ Wajima မြို့တွေက ဖြစ်ပါတယ်။ အဲဒီအနေအထားက တိမ်းရှောင်သူတွေ နေရပ်ပြန်လာဖို့ အဟန့်အတား ဖြစ်နေပါတယ်။

Ishikawa ခရိုင်က မေလကုန်နောက်ဆုံးထားပြီး ငလျင်ဒဏ်သင့်ဒေသအများစုရဲ့ ရေဖြန့်ဝေမှုဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပြုပြင်ဖို့ ရည်မှန်းထားပါတယ်။