ယူကရိန်းမှာ ရုရှားတပ်ဖွဲ့တွေ ဆက်လက် ထိုးစစ်ဆင်

ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းအပါအဝင် နိုင်ငံတစ်ဝန်းက မြို့ပြဧရိယာတွေမှာ ရုရှားစစ်တပ်ဟာ ထိုးစစ်ဆင်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

Kharkiv မြို့မှာ အင်္ဂါနေ့က တိုက်ခိုက်မှုတွေကြောင့် လူ ၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံအရှေ့ပိုင်း Kharkiv ဒေသရဲ့ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

ယူကရိန်းအစိုးရရှေ့နေချုပ် Andriy Kostin က အင်္ဂါနေ့က ပြောကြားရာမှာ အမြောက်အမြား ဖျက်ဆီးနိုင်တဲ့ ထိပ်ဖူး တပ်ဆင်ထားတဲ့ Iskander ပဲ့ထိန်းဒုံးကျည်ဟာ တနင်္လာနေ့က တောင်ပိုင်း Odesa ဒေသပေါ် ကျရောက်ခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းပိုင်နက်ကို တိုးချဲ့သိမ်းပိုက်ဖို့အတွက် ကြိုးပမ်းမှုတွေကိုလည်း အရှိန်မြှင့်လုပ်ဆောင်လျက် ရှိပါတယ်။

သူတို့ဟာ အရှေ့ပိုင်း Donetsk ဒေသ Bakhmut မြို့အနောက်ပိုင်းက ယူကရိန်းရဲ့ ခြေကုပ်စခန်းဖြစ်တဲ့ Chasiv Yar မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ရုရှားတပ်ဖွဲ့ဝင် ၂၅,၀၀၀ လောက် ပါဝင်တယ်ဆိုတဲ့ ယူကရိန်းအရာရှိတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး New York Times သတင်းစာက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

ရုရှားရဲ့ ရှေ့တိုးတိုက်ခိုက်မှုတွေကို ရပ်တန့်စေဖို့အတွက် အနောက်နိုင်ငံတွေကနေ ပေးပို့တဲ့ အထောက်အပံ့တွေ စစ်မြေပြင်ကို လျင်မြန်စွာ ရောက်နိုင်မလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ အဲဒီသတင်းစာက ဆိုပါတယ်။