ဂျပန်က ယန်းငွေဝယ်ယူရေး ကြားဝင်စွက်ဖက်ခဲ့ဖွယ် ရှိကြောင်း လေ့လာသူတွေ ပြော

ဂျပန်အစိုးရနဲ့ ဂျပန်ဗဟိုဘဏ်ဟာ ယန်းငွေတန်ဖိုး သိသိသာသာ ကျဆင်းတာကို တားဆီးဖို့အတွက် ယန်း ၅ ထရီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ ယန်းငွေတွေကို ဝယ်ယူရေး ကြားဝင်ဆောင်ရွက်ခဲ့ဖွယ် ရှိတယ်လို့ လေ့လာသူတွေက ယူဆနေပါတယ်။

တနင်္လာနေ့တုန်းက ယန်းငွေဟာ အကြိမ်အနည်းငယ် လျင်မြန်စွာ ပြန်တက်လာတာကြောင့် အစိုးရနဲ့ ဗဟိုဘဏ်ဟာ ကြေညာချက် ထုတ်ပြန်ခြင်းမရှိဘဲ ကြားဝင်စွက်ဖက်ခဲ့တယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတွေက သံသယရှိနေပါတယ်။ ဥပမာ ယန်းငွေဟာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ ၁၆၀ ယန်းလောက်အထိ ကျဆင်းသွားခဲ့ပြီးနောက် ၁၅၄ ယန်းလောက်အထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

ယန်းငွေ ၇.၅၆ ထရီလီယံ တစ်နည်းအားဖြင့် ဒေါ်လာ ၄၈ ဘီလီယံလောက်ကို ဘဏ္ဍာရေးအဖွဲ့အစည်းတွေဆီကနေ အစိုးရဆီ ဗုဒ္ဓဟူးနေ့မှာ လွှဲပြောင်းမှာ ဖြစ်တယ်လို့ အင်္ဂါနေ့က ဗဟိုဘဏ်ရဲ့ စာရင်းရှင်စာရင်းဆိုင်ရာ ကိန်းဂဏန်းအစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

အဲဒီစွက်ဖက်မှုအတွက် ယန်း ၅ ထရီလီယံလောက် သုံးစွဲခဲ့တယ်လို့ ပုဂ္ဂလိကသုတေသနကုမ္ပဏီ Totan Research က ခန့်မှန်းထားပါတယ်။

နိုင်ငံတကာရေးရာဆိုင်ရာ ဘဏ္ဍာရေးဒုဝန်ကြီး Kanda Masato ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။ ကြားဝင်စွက်ဖက်ခြင်း ရှိ၊ မရှိဆိုတာကို မေလကုန်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်မယ့် စာရင်းတွေကနေ သိရနိုင်ပါတယ်။