ဂျပန်ဝန်ကြီးချုပ်က ပြင်သစ်၊ ဘရာဇီးလ်၊ ပါရာဂွေးနိုင်ငံတွေကို သွားရောက်မယ့် ၆ ရက်ကြာ ခရီးစဉ် စတင်

ဂျပန်ဝန်ကြီးချုပ် Kishida Fumio ဟာ ပြင်သစ်၊ ဘရာဇီးလ်နဲ့ ပါရာဂွေးနိုင်ငံတွေကို သွားရောက်မယ့် ၆ ရက်ကြာခရီးစဉ်ကို ဗုဒ္ဓဟူးနေ့မှာ စတင်ခဲ့ပါတယ်။

ပြင်သစ်မှာ မစ္စတာ Kishida ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရဲ့ ဝန်ကြီးအဆင့်ကောင်စီအစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကို ဂျပန်က ဥက္ကဋ္ဌအဖြစ် ကျင်းပမှာ ဖြစ်ပါတယ်။

မစ္စတာ Kishida ဟာ အဲဒီမှာ မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။

ဆင့်ပွားဖန်တီးနိုင်စွမ်းရှိတဲ့ လူလုပ်အသိဉာဏ် အသုံးပြုမှုကို မြှင့်တင်ဖို့နဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရေး စည်းမျဉ်းစည်းကမ်း ဖန်တီးဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် မစ္စတာ Kishida ဟာ နိုင်ငံတကာမူဘောင်တစ်ရပ် ထူထောင်ရေး ကြေညာဖို့ ရည်ရွယ်ထားပါတယ်။

သူဟာ အလုပ်နဲ့ ဆိုင်တဲ့ နေ့လယ်စာစားပွဲမှာ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လုံခြုံရေးနဲ့ စီးပွားရေးနယ်ပယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအပြင် လူသားအရင်းအမြစ်ဖလှယ်မှု မြှင့်တင်ဆောင်ရွက်ရေးတို့ကို အတည်ပြုဖွယ် ရှိပါတယ်။

အဲဒီနောက် မစ္စတာ Kishida ဟာ ထိပ်သီးဆွေးနွေးပွဲတွေအတွက် G20 ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဘရာဇီးလ်နိုင်ငံနဲ့ ပါရာဂွေးနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ သူဟာ အဲဒီနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖွယ် ရှိပါတယ်။