သဘောတူညီမှု ရသည်ဖြစ်စေ၊ မရဘူးဖြစ်စေ Rafah မြို့မှာ ထိုးစစ်ဆင်မှာ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ကတိပြုပြောကြား

သဘောတူညီမှု ရသည်ဖြစ်စေ၊ မရဘူးဖြစ်စေ ဂါဇာတောင်ပိုင်း Rafah မြို့မှာ ထိုးစစ်ဆင်မှုကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ပြောပါတယ်။

သူဟာ အင်္ဂါနေ့က ဓားစာခံတွေရဲ့ ဆွေမျိုးတွေ၊ ကျန်ရစ်သူမိသားစုတွေနဲ့ တွေ့ဆုံချိန်မှာ အဲဒီလို မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။

သူက "ရည်မှန်းချက်အားလုံး မအောင်မြင်ဘဲနဲ့ စစ်ပွဲကို ရပ်ဆိုင်းဖို့ဆိုတာ စဉ်းစားစရာ မလိုဘူး" လို့ ပြောပါတယ်။

ဝန်ကြီးချုပ် Netanyahu က အောင်မြင်မှု အပြည့်အဝ ရရှိဖို့အတွက် Rafah ထဲ ၀င်ပြီး ဟားမတ်စ်တပ်ရင်းတွေကို ဖယ်ရှားဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ အစ္စလာမစ်အဖွဲ့ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ဆွေးနွေးနေကြချိန်မှာ သူရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ စေ့စပ်ညှိနှိုင်းမှုတွေကို အီဂျစ်အပါအဝင် တခြားနိုင်ငံတွေက ဆောင်ရွက်နေပါတယ်။

ဟားမတ်စ်ဟာ တနင်္လာနေ့မှာ အီဂျစ်က အဆိုပြုခဲ့တဲ့ သဘောတူညီချက်ကို ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဓားစာခံတွေ ပြန်လွှတ်စေချင်ရင် အပစ်အခတ် လုံးဝ ရပ်စဲရမယ်လို့ သူတို့က တောင်းဆိုထားပါတယ်။

မစ္စတာ Netanyahu ရဲ့ အခုနောက်ဆုံး ပြောဆိုချက်တွေဟာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုအားလုံးကို အရာမရောက် ဖြစ်စေတယ်ဆိုတဲ့ ပါလက်စတိုင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကာတာအခြေစိုက် ဂြိုလ်တုရုပ်မြင်သံကြား Al Jazeera က ဖော်ပြခဲ့ပါတယ်။