၂၀၃၀ နှစ်တွေရဲ့အစောပိုင်း နောက်ဆုံးထားပြီး ကျောက်မီးသွေးသုံး ဓာတ်အားထုတ်လုပ်မှု အဆင့်ဆင့်ရပ်ဆိုင်းတာပါဝင်တဲ့ ကြေညာချက် G7 အတည်ပြု

နိုင်ငံ ၇ နိုင်ငံအုပ်စုက စွမ်းအင်ဝန်ကြီးတွေဟာ ၂၀၃၀ ပြည့်နှစ်တွေရဲ့ ပထမတစ်ဝက် နှစ်တွေအတွင်း ဒါမှမဟုတ် တခြားရွေးချယ်စရာ အချိန်ဇယားအတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အဆင့်ဆင့်ရပ်ဆိုင်းဖို့ အတည်ပြုခဲ့ကြပါတယ်။

ဝန်ကြီးတွေဟာ အီတလီနိုင်ငံ၊ Turin မြို့မှာပြုလုပ်ခဲ့တဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲကို အင်္ဂါနေ့က အပြီးသတ်ခဲ့ပါတယ်။ မနှစ်က ပြုလုပ်ခဲ့တဲ့ COP28 ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံနောက်ပိုင်းမှာ ဒီဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာပါ။

ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ကြေညာချက်မှာ G7 ဟာ ၂၀၃၀ ပြည့်နှစ်တွေရဲ့ အလယ်ပိုင်းနှစ်တွေအတွင်း ဒါမှမဟုတ် နိုင်ငံတွေရဲ့ ကာဗွန်ထုတ်လွှတ်မှု အသားတင်သုညဖြစ်ရေး လမ်းကြောင်းနဲ့အညီ အပူချိန်မြင့်တက်မှုကို ၁.၅ ဒီဂရီစင်တီဂရိတ်ကန့်သတ်ရေး ထိန်းသိမ်းမှုနဲ့ကိုက်ညီတဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အဆင့်ဆင့် ရပ်ဆိုင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၃၀ ပြည့်နှစ်နဲ့‌ နောက်ပိုင်းနှစ်တွေအတွင်း သူတို့ရဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး ရည်မှန်းချက်သစ်တွေကို လာမယ့်နှစ်အစောပိုင်းမှာ တင်ပြဖို့ တခြားနိုင်ငံတွေကိုလည်း အဲဒီကြေညာချက်က တိုက်တွန်းထားပါတယ်။

G7 ဟာ ၂၀၃၀ ပြည့်နှစ်မတိုင်ခင်မှာ ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရဲ့စွမ်းရည်ကို သုံးဆမြှင့်တင်ဖို့လည်း ရည်မှန်းထားပါတယ်။ ဘက်ထရီနဲ့ တခြားနည်းလမ်းတွေကတစ်ဆင့် လက်ရှိအဆင့်ကနေ ၁,၅၀၀ gigawatts အထိ စွမ်းအင်သိုလှောင်မှုကို ၆ ဆကျော် တိုးမြှင့်ရေးရည်မှန်းချက်ကိုလည်း ချမှတ်ထားပါတယ်။