ဂျပန်ဒါရိုက်တာ Koreeda Hirokazu က Cannes ဂျူရီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရ

ဂျပန်ရုပ်ရှင်ဒါရိုက်တာ Koreeda Hirokazu ဟာ မေလမှာ စတင်ဖို့ စီစဉ်ထားတဲ့ Cannes ရုပ်ရှင်ပွဲတော်ရဲ့ အဓိကယှဉ်ပြိုင်မှုဆိုင်ရာ ဂျူရီအဖွဲ့ဝင်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဒါရိုက်တာ Koreeda ဟာ ၂၀၁၃ ခုနှစ်မှာ ဒါရိုက်တာ Kawase Naomi ပြီးနောက် ၁၁ နှစ်တာအတွင်း Cannes ဂျူရီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရတဲ့ ပထမဆုံး ဂျပန်လူမျိုးဖြစ်ပါတယ်။

အဲဒီပြင်သစ်ရုပ်ရှင်ပွဲတော်ရဲ့ စီစဉ်သူတွေက အဓိကပြိုင်ပွဲအတွက် ဂျူရီအဖွဲ့ဝင်တွေကို နှစ်စဉ် ရွေးချယ်ပါတယ်။ အခုနှစ်မှာ "Barbie" ရုပ်ရှင်နဲ့ လူသိများတဲ့ ဒါရိုက်တာ Greta Gerwig ဟာ အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဒါရိုက်တာ Koreeda အပါအဝင် တခြားအဖွဲ့ဝင် ၈ ဦးကို ပွဲစီစဉ်သူတွေက တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

ဒါရိုက်တာ Koreeda ဟာ Cannes ရုပ်ရှင်ပွဲတော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ လူသိများပါတယ်။ ၂၀၀၄ ခုနှစ်မှာ သူ့ရဲ့ "Nobody Knows" ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Yagira Yuya ဟာ အဲဒီရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့တဲ့ ပထမဆုံး ဂျပန်လူမျိုး ဖြစ်ပါတယ်။ ဒါရိုက်တာ Koreeda ဟာ ၂၀၁၈ ခုနှစ်မှာ "Shoplifters" ဆိုတဲ့ ရုပ်ရှင်နဲ့ ထိပ်တန်းဆုဖြစ်တဲ့ Palme d'Or ကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က သူ့ရဲ့ "Monster" ရုပ်ရှင်ဟာ အကောင်းဆုံးဇာတ်ညွှန်းဆုကို ရရှိခဲ့ပါတယ်။

အဲဒီရုပ်ရှင်ပွဲတော်ကို မေလ ၁၄ ရက်ကနေ ၂၅ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဂျပန်ဒါရိုက်တာ Okuyama Hiroshi ရဲ့ "My Sunshine" ရုပ်ရှင်ဟာ "Un Certain Regard" ဆုအမျိုးအစားအတွက် ဆုရနိုင်မယ့် အလားအလာ ရှိပါတယ်။