တောင်ကိုရီးယားက အတိုက်အခံလွှတ်တော်အမတ်တွေ အငြင်းပွားနေတဲ့ Takeshima ကျွန်းစုတွေဆီ သွားရောက်

တောင်ကိုရီးယားအဓိကအတိုက်အခံပါတီက သူ့ရဲ့လွှတ်တော်အမတ်တွေနဲ့တခြားသူတွေဟာ ဂျပန်ပင်လယ်ထဲက Takeshima ကျွန်းစုတွေပေါ် တက်ခဲ့တယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားက ထိန်းချုပ်ထားတဲ့ အဲဒီကျွန်းစုတွေကို ဂျပန်နိုင်ငံက ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားပြီး တောင်ကိုရီးယားက အဲဒီကျွန်းစုတွေကို တရားမဝင် သိမ်းပိုက်ထားတယ်လို့ ဂျပန်ကပြောပါတယ်။

ဒီမိုကရက်တစ်ပါတီရဲ့ ဒေသဆိုင်ရာဌာနခွဲတစ်ခုက သူတို့ရဲ့လွှတ်တော်အမတ် ၃ ဦးအပါအဝင် လူ ၁၇ ဦးဟာ အင်္ဂါနေ့က အဲဒီကျွန်းတွေပေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားက အဲဒီကျွန်းစုတွေကို Dokdo ကျွန်းတွေလို့ ခေါ်ပါတယ်။

YouTube ပေါ်မှာတင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ လွှတ်တော်အမတ်တွေဟာ ပိတ်စစာတမ်းကြီးတစ်ခုကိုကိုင်ဆောင်ထားပြီး "Dokdo ဟာ ကျွန်တော်တို့ နယ်မြေဖြစ်တယ်" လို့ ကြွေးကြော်နေတာကို ပြသထားပါတယ်။

အဲဒီကျွန်းစုတွေဟာ တောင်ကိုရီးယားက အစဉ်အဆက်ပိုင်ဆိုင်တဲ့ နယ်မြေတစ်ခုဖြစ်တယ်လို့ လွှတ်တော်အမတ်တွေက ပြောကြားခဲ့ပြီး အဲဒီကျွန်းစုတွေနဲ့ပတ်သက်တဲ့ ဂျပန်ရဲ့တောင်းဆိုမှုကို လုံးဝလက်မခံနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံ့ပိုင်နက်ရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် ပါတီအရာရှိတွေဟာ အဲဒီကျွန်း‌စုတွေဆီ ထပ်သွားဦးမှာ ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ ဒေသဆိုင်ရာဌာနခွဲက ဆိုပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီလွှတ်တော်အမတ်တွေ Takeshima ကျွန်းစုတွေဆီ သွားရောက်မှုအပေါ် တိုကျိုမှာရှိတဲ့ တောင်ကိုရီးယားသံရုံးကို ကန့်ကွက်စကားဆိုခဲ့ပါတယ်။

အဲဒီဝန်ကြီးဌာနမှာရှိတဲ့ အာရှနှင့်အိုးရှင်းနီးယားဒေသရေးရာဗျူရိုရဲ့ ညွှန်ကြားရေးမှူးချုပ် Namazu Hiroyuki က အဲဒီခရီးစဉ်ဟာ လုံးဝလက်ခံနိုင်စရာမရှိဘူးဆိုတာနဲ့ အလွန်စိတ်မကောင်းစရာဖြစ်တယ်လို့ တောင်ကိုရီးယားသံရုံးက အကြီးတန်း သံတမန် Kim Jang-hyun ကို ဖုန်းဆက်ပြောကြားခဲ့ပါတယ်။