အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့ ဂျပန်ဝန်ကြီးချုပ် ရည်ရွယ်ချက်မရှိ

သီတင်းပတ်ကုန်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ သုံးခုမှာ အတိုက်အခံ ကွန်စတီကျူးရှင်နယ် ဒီမိုကရက်တစ်ပါတီ (CDP)က နေရာအားလုံးမှာ အနိုင်ရခဲ့ပြီးတဲ့နောက် လျှပ်တပြက်ရွေးကောက်ပွဲကျင်းပဖို့ အစီအစဉ်မရှိဘူးလို့ ဂျပန်ဝန်ကြီးချုပ် Kishida Fumio က ပြောဆိုလိုက်ပါတယ်။

အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဟာ အဲဒီမဲဆန္ဒနယ်မြေတွေထဲက နှစ်ခုမှာ ဝင်ပြိုင်မယ့်ကိုယ်စားလှယ်အမည်စာရင်း မတင်သွင်းခဲ့ပေမဲ့ ဝင်ပြိုင်ခဲ့တဲ့ ရှီမာ့နဲခရိုင်က မဲဆန္ဒနယ်မြေမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။

တငွေ့ငွေ့လောင်နေတဲ့ ငွေကြေးအရှုပ်တော်ပုံက အခုလိုရှုံးနိမ့်စေခဲ့တယ်လို့ ဝန်ကြီးချုပ် Kishida က အင်္ဂါနေ့မှာ ပြောပါတယ်။ "ရှီမာ့နဲရွေးကောက်ပွဲ မဲဆွယ်မှုတွေအတွင်း LDP ရဲ့ နိုင်ငံရေးရန်ပုံငွေအရှုပ်တော်ပုံကိစ္စဟာ အဓိကအကြောင်းရင်းဖြစ်ခဲ့တယ်၊ ရှုံးနိမ့်ခဲ့ရလို့ ကိုယ်စားလှယ်နဲ့ သူ့ကိုထောက်ခံအားပေးတဲ့ ဒေသခံပြည်သူအားလုံးအတွက် ကျနော် စိတ်မကောင်းဖြစ်ရပါတယ်" လို့ သူက ပြောပါတယ်။

LDP ရဲ့ ဥက္ကဋ္ဌအဖြစ်နဲ့ အပါအဝင် သူ့ရဲ့တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ပါမယ်လို့ ဝန်ကြီးချုပ်က ကတိပြုပြောဆိုခဲ့ပါတယ်။ နိုင်ငံရေးနဲ့ ပါတီပြုပြင်ပြောင်းလဲရေးတွေအပြင် ဈေးနှုန်းမြင့်တက်မှုတွေကို ကိုင်တွယ်လုပ်ဆောင်မှုတွေကတစ်ဆင့် လူထုရဲ့ ယုံကြည်မှု ပြန်လည်ရရှိရေးကို လုပ်ဆောင်သွားမယ်လို့ မစ္စတာ Kishida က ပြောပါတယ်။

CDP က လွှတ်တော်အမတ်တွေဟာ အခုအခါ လွှတ်တော်ထဲမှာ မစ္စတာ Kishida ကို ဖိအားတိုးမြှင့်ပေးလိမ့်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူက အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောပါတယ်။