ဂါဇာကို အစ္စရေးတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်မှာ ဆန္ဒပြမှုတွေ ရှိနေပြီး တက္ကသိုလ်တွေမှာ အခြေအနေ တင်းမာလာ

ဂါဇာကို အစ္စရေးက တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ဆန့်ကျင်နေကြတဲ့ ဆန္ဒပြမှုတွေ အမေရိကန်မှာ တိုးများလာနေပြီး နိုင်ငံတစ်ဝန်းက တက္ကသိုလ်ပေါင်း ၂၀ လောက်မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

နယူးယောက်က Columbia တက္ကသိုလ်ဟာ ကျောင်းဝင်းထဲမှာ ရွက်ဖျင်တဲထိုးထားတဲ့ ကျောင်းသားတွေအနေနဲ့ တနင်္လာနေ့မွန်းလွဲပိုင်း ၂ နာရီမတိုင်ခင် လူစုမခွဲရင် ကျောင်းတက်ခွင့်ဆိုင်းငံ့ခံရမှာ ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

အဲဒီသတိပေးချက်ကြောင့် ချီတက်ဆန္ဒပြတဲ့ ကျောင်းသူကျောင်းသားတွေ ပိုတိုးလာပြီး သူတို့ဟာ ရပ်နားမှာ မဟုတ်ဘူးလို့ ကြွေးကြော်ခဲ့ပါတယ်။

အစ္စရေးနဲ့ အချိတ်အဆက်ရှိတဲ့ ကုမ္ပဏီတွေကနေ ထောက်ပံ့မှု မရယူဖို့ တောင်းဆိုထားတာကို တက္ကသိုလ်ဘက်က သိသာထင်ရှားစွာ လိုက်လျောခြင်း မရှိဘူးလို့ စည်းရုံးသူကျောင်းသူတစ်ဦးက ပြောပါတယ်။ နိုင်ငံတစ်ဝန်းက တခြား ကျောင်းသားလှုပ်ရှားမှုတွေနဲ့အတူ စည်းလုံးညီညွတ်စွာ ရပ်တည်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြည်နယ် ၁၆ ခုမှာ ရှိတဲ့ တက္ကသိုလ် ၂၀ လောက်က ကျောင်းသူကျောင်းသား ၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

ကျောင်းသားမဟုတ်သူတွေဟာလည်း နိုင်ငံတစ်ဝန်းက ကျောင်းဝင်းတွေမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြပြီး ဂျူးလူမျိုးကျောင်းသူကျောင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုလည်း ရှိနေတယ်လို့ သိရပါတယ်။

တက္ကသိုလ်တွေက ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်ဆိုရင် အခြေအနေဟာ လျင်မြန်စွာ ပိုမိုတင်းမာလာနိုင်တယ်လို့ အမေရိကန်မီဒီယာတွေက ဆိုပါတယ်။