Financial Times က သူ့ရဲ့ ဆောင်းပါးတွေကို ChatGPT မှာ အသုံးပြုခွင့်ပြုဖို့ OpenAI နဲ့ သဘောတူ

Financial Times သတင်းစာနဲ့ လူလုပ်အသိဉာဏ် chatbot ဖြစ်တဲ့ ChatGPT ကို တီထွင်တဲ့ အမေရိကန်ကုမ္ပဏီ OpenAI တို့ဟာ ပူးတွဲလုပ်ကိုင်မှုနဲ့ လိုင်စင်သဘောတူညီချက်အတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။

သူတို့ဟာ အဲဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

အဲဒီသဘောတူညီချက်အရ ChatGPT ဟာ သတင်းအချက်အလက်ထုတ်ပေးရေး ဆောင်ရွက်နိုင်ဖို့အတွက် အဲဒီသတင်းစာရဲ့ ဆောင်းပါးတွေကို အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။

ဒီပူးတွဲလုပ်ကိုင်မှုကတစ်ဆင့် ChatGPT အသုံးပြုသူတွေဟာ သက်ဆိုင်ရာမေးခွန်းတွေရဲ့ တုံ့ပြန်ဖြေဆိုမှုတွေထဲမှာ သတင်းစာရဲ့ ဆောင်းပါးအကျဉ်းချုပ်တွေ၊ ကိုးကားချက်တွေ၊ လင့်ခ်တွေကို ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ Financial Times က ပြောပါတယ်။

Financial Times သတင်းစာဟာ ဂျပန်ကုမ္ပဏီ Nikkei ရဲ့ လက်အောက်မှာ ရှိပါတယ်။

အဲဒီသဘောတူညီချက်ဟာ အနောက်တိုင်းမီဒီယာကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ Associated Press နဲ့ ဂျာမနီက Axel Springer တို့က OpenAI နဲ့ အလားတူသဘောတူညီချက် ချုပ်ဆိုပြီးနောက် ထွက်ပေါ်လာတာပါ။

တစ်ဖက်မှာတော့ OpenAI နဲ့ Microsoft ဟာ သူတို့ရဲ့ AI စနစ်တွေကို လည်ပတ်လုပ်ဆောင်ရာမှာ ဆောင်းပါးတွေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့တယ်လို့ ဆိုပြီး New York Times သတင်းစာက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တရားစွဲဆိုခဲ့ပါတယ်။ Microsoft ဟာ OpenAI ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်ပါတယ်။