ဟားမတ်စ်က ဖမ်းဆီးထားတဲ့ဓားစာခံတွေ သေချာပေါက်လွတ်မြောက်ရေး ကူညီဖို့ အီဂျစ်နဲ့ ကာတာခေါင်းဆောင်တွေကို အမေရိကန်သမ္မတ တောင်းဆို

အမေရိကန်သမ္မတ Joe Biden က ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ သေချာပေါက်ပြန်လွတ်လာရေးကူညီဖို့ အီဂျစ်နဲ့ ကာတာခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ Biden ဟာ အီဂျစ်သမ္မတ Abdel Fattah el-Sisi ၊ Qatar စော်ဘွား Sheikh Tamim Bin Hamad Al Thani တို့နဲ့ သီးခြားစီ ဖုန်းဖြင့် စကားပြောခဲ့တယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

အခုအခါ ဆွေးနွေးဖို့ရှိတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အမြန်ဆုံးအပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ သေချာပေါက်လွတ်မြောက်ရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး သမ္မတနဲ့ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

သဘောတူညီချက်ပါ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သတ်မှတ်ချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်စေရေး အမေရိကန်ပြည်ထောင်စုဟာ အီဂျစ်၊ ကာတာတို့နဲ့လက်တွဲဆောင်ရွက်မယ်လို့ သမ္မတ Biden က အတည်ပြုပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓားစာခံတွေ လွတ်မြောက်ရေးကိစ္စဟာ ဂါဇာရှိအရပ်သားတွေအတွက် အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးနဲ့ ကယ်ဆယ်ရေးအတွက် တစ်ခုတည်းသော အတားအဆီးဖြစ်တယ်လို့ မစ္စတာ Biden က ခေါင်းဆောင်နှစ်ဦးကို ပြောခဲ့တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

သမ္မတ Biden ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုတွေ ရှေ့ဆက်ရွေ့လျားနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံတွေဆီ ချဉ်းကပ်နေပါတယ်။