နိုင်ငံရပ်ခြားသို့ အဓိကကျတဲ့နည်းပညာတွေ လွှဲပြောင်းခြင်းဆိုင်ရာ စည်းမျဉ်းသစ်တွေကို ဂျပန်ကျင့်သုံးမယ်

ဂျပန်အာဏာပိုင်တွေဟာ နိုင်ငံရဲ့အဓိကလုပ်ငန်းနယ်ပယ်တွေက နည်းပညာတွေကို စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်အတွက် အသုံးပြုတာမျိုးကနေ တားဆီးနိုင်ဖို့ နိုင်ငံတကာသို့ လွှဲပြောင်းပေးခြင်းဆိုင်ရာ စည်းမျဉ်းသစ်တွေကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ၊ လေယာဉ်နဲ့ ဆက်စပ်ထုတ်ကုန်တွေလိုမျိုး ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့ ဂျပန်ထုတ်ကုန်တွေရဲ့ နည်းပညာတွေကို လွှဲပြောင်းပေးဖို့ ပုဂ္ဂလိကကုမ္ပဏီတွေမှာ အစီအစဉ်ရှိရင် ဝန်ကြီးဌာနကို ကြိုတင်အစီရင်ခံဖို့ လိုအပ်တယ်ဆိုတာကို သတ်မှတ်ဖို့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက ရည်မှန်းထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ နျူကလီးယားစွမ်းအင်နဲ့ ဓာတုလက်နက်တွေနဲ့ ဆက်နွယ်တဲ့ နည်းပညာတွေကို နိုင်ငံခြားသို့လွှဲပြောင်းမှုမှာ ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ အစိုးရရဲ့ ခွင့်ပြုချက်ကို အဲဒီဝန်ကြီးဌာနကနေ ရယူဖို့လိုပါတယ်။

စစ်ဘက်ဆိုင်ရာမှာ အသုံးပြုဖို့ အလားအလာရှိတဲ့နည်းပညာတွေ နိုင်ငံခြားကို လွှဲပြောင်းရာမှာ အဲဒီလိုမျိုးခွင့်ပြုချက်ရရှိဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကြိုတင်အစီရင်ခံဖို့ မလိုအပ်ပါဘူး။

ဘယ်နည်းပညာတွေအပေါ် စည်းမျဉ်းစည်းကမ်းသစ်တွေ ချမှတ်သင့်သလဲဆိုတာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွေနဲ့ ဆွေးနွေးဖို့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက စီစဉ်ထားပါတယ်။