ဂျပန် U-23 ဘောလုံးအသင်း ပဲရစ်အိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ

ဂျပန် Under-23 ဘောလုံးအသင်းဟာ အာရှခြေစစ်ပွဲနောက်ဆုံးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ အီရတ်ကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ပဲရစ်အိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

တနင်္လာနေ့က ကာတာက ကျင်းပတဲ့ အဲဒီပွဲစဉ်မှာ ဂျပန်အသင်းဟာ အစောပိုင်းမှာ အသာစီးနဲ့ ကစားနေခဲ့ပါတယ်။ ပွဲချိန် ၂၈ မိနစ်မှာ တိုက်စစ်မှူး Hosoya Mao ဟာ အဝေးကနေ ပေးခဲ့တဲ့ ဘောလုံးကို လက်ခံပြီး ပထမဂိုးကို ကျွမ်းကျင်စွာ ကန်သွင်းခဲ့ပါတယ်။

ပွဲချိန် 42 မိနစ်မှာ Araki Ryotaro ဟာ ဘောလုံးကို တခြားအသင်းဝင်နဲ့ ခပ်မြန်မြန်အနီးကပ်အပေးအယူလုပ်ခဲ့ပြီးနောက် ဒုတိယဂိုးကို သွင်းနိုင်ခဲ့ပါတယ်။

ဂိုးသမား Kokubo Leo Brian ရဲ့ ထက်ထက်မြက်မြက် ကာကွယ်ကစားမှုဟာ အီရတ်အသင်းကို ဟန့်တားနိုင်ခဲ့ပြီး ဂျပန်အသင်းဟာ ပေးဂိုးမရှိဘဲ အနိုင်ရခဲ့ပါတယ်။

အဲဒီပြိုင်ပွဲရဲ့ ထိပ်ဆုံးက အသင်း ၃ သင်းဟာ အိုလံပစ်ပြိုင်ပွဲအတွက် အလိုအလျောက် ခြေစစ်ပွဲ အောင်တဲ့အတွက်ကြောင့် ဂျပန်ဟာလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဂျပန်အမျိုးသားဘောလုံးအသင်းအတွက် ပဲရစ်အိုလံပစ်ဟာ ၁၉၉၆ ခုနှစ် Atlanta အိုလံပစ်နောက်ပိုင်း ၈ ကြိမ်ဆက်တိုက် ပါဝင်ယှဉ်ပြိုင်နိုင်မယ့် ပြိုင်ပွဲ ဖြစ်လာမှာပါ။