ကပ်ရောဂါဆိုင်ရာသဘောတူညီချက် အပြီးသတ်ညှိနှိုင်းမှုတွေကို WHO မှာ စတင်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဖွဲ့ဝင်နိုင်ငံတွေဟာ COVID-19 ကပ်ရောဂါကနေရရှိခဲ့တဲ့ သင်ခန်းစာတွေကို အခြေခံပြီး ကပ်ရောဂါဆိုင်ရာသဘောတူညီချက်တွေကို အပြီးသတ်နိုင်ဖို့ ရည်ရွယ်ပြီး စေ့စပ်ညှိနှိုင်းမှုတွေကို ပြန်လည်စတင်လိုက်ပါတယ်။

WHO အဖွဲ့ဝင်တွေဟာ ကူးစက်ရောဂါတွေနဲ့ ဗိုင်းရပ်စ်အသစ်တွေပြန့်ပွားမှုကို တားဆီးဖို့ ကမ္ဘာလုံးဆိုင်ရာအစီအမံတွေ အားကောင်းစေရေးရည်ရွယ်ပြီး ဆွေးနွေးမှုတွေကို လွန်ခဲ့တဲ့ ၂ နှစ် က စတင်ခဲ့ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေဟာ မေလမှာ ကျင်းပမယ့် WHO အထွေထွေညီလာခံမှာ အဲဒီ ကပ်ရောဂါဆိုင်ရာသဘောတူညီချက်ကို အတည်ပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာရှိ WHO ရုံးချုပ်မှာ ဒီသဘောတူညီချက်နဲ့ပတ်သက်တဲ့ တံခါးပိတ် နောက်ဆုံးအစည်းအဝေးတွေကို တနင်္လာနေ့က စတင်ခဲ့ပါတယ်။

အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ သဘောတူညီချက်မူကြမ်းမှာ နိုင်ငံလုံးဆိုင်ရာကပ်ရောဂါကာကွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးစောင့်ကြည့်မှု ပြီးပြည့်စုံတဲ့အစီအစဉ်တွေကို အချိန်နဲ့တပြေးညီရေးဆွဲရေး တက်ရောက်သူတိုင်းကို တိုက်တွန်းထားပါတယ်။

ဖွံ့ ဖြိုးဆဲနိုင်ငံတွေကိုကူညီဖို့ နိုင်ငံတွေအနေနဲ့ ထပ်ဆောင်းဘဏ္ဍာရေး အရင်းအမြစ်တွေကို ရယူစုဆောင်းရမယ်လို့လည်း ဖော်ပြထားပါတယ်။