ရုရှားက ဗီတိုအာဏာသုံးပြီးနောက် မြောက်ကိုရီးယားအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကို စောင့်ကြည့်နေတဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်သက်တမ်းကုန်ဆုံးမယ်

မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အကောင်အထည်ဖော်မှုကို စောင့်ကြည့်တဲ့ ကုလသမဂ္ဂအဖွဲ့တစ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ဟာ အင်္ဂါနေ့မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ပိုင်ခွင့်သက်တမ်းတိုးချဲ့ရေးကို ရုရှားက ဗီတိုအာဏာသုံးခဲ့ပြီးတဲ့နောက် အခုလိုဖြစ်လာတာပါ။

ပြီးခဲ့တဲ့လမှာ အဲဒီအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို တိုးချဲ့ရာရောက်မယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာသုံးစွဲခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တဲ့ အဲဒီအဖွဲ့ဟာ မြောက်ကိုရီးယားအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဘယ်လိုရှောင်ရှားခဲ့သလဲ၊ နျူကလီးယားနဲ့ ဒုံးကျည်တီထွင်ထုတ်လုပ်တဲ့ အစီအစဉ်တွေကို ဘယ်လိုဆက်လက်လုပ်ဆောင်ခဲ့သလဲဆိုတာ လေ့လာသုံးသပ်ခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ အစီရင်ခံစာတွေကို တစ်နှစ်မှာ နှစ်ကြိမ် ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်တစ်နိုင်ငံရဲ့ အစီရင်ခံစာတစ်ခုကို ကိုးကားပြီး မြောက်ကိုရီးယားရဲ့ အစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်စွမ်းအားရှိတဲ့ လက်နက်အစီအစဉ်တွေရဲ့ ၄၀ ရာခိုင်နှုန်းကို တရားမဝင် ဆိုင်ဘာနည်းလမ်းတွေက ရတဲ့ငွေတွေနဲ့ ထောက်ပံ့ထားတာဖြစ်တယ်လို့ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရုရှားသို့ မြောက်ကိုရီးယားရဲ့ လက်နက်တွေထောက်ပံ့တဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အဲဒီအဖွဲ့ဟာလေ့လာမှုတွေ လုပ်နေပါတယ်။ ဒီလိုမျိုး လွှဲပြောင်းမှုတွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Linda Thomas-Greenfield က ဒဏ်ခတ်ပိတ်ဆို့မှုတွေရှောင်လွှဲမှုကို စစ်ဆေးရေး ယန္တရားသစ်တစ်ခုကို ဖန်တီးဖို့ အမေရိကန်ပြည်ထောင်စုဟာ ဂျပန်၊ တောင်ကိုရီးယား၊ တခြားနိုင်ငံတွေနဲ့တွဲပြီးလုပ်ကိုင်သွားမှာဖြစ်တယ်လို့ အရိပ်အမြွက် ပြောဆိုလိုက်ပါတယ်။

ရုရှားဟာ မြောက်ကိုရီးယားကနေ ခဲယမ်းမီးကျောက်တွေ တင်သွင်းဖို့နဲ့ တခြားအရာတွေလုပ်ကိုင်ဖို့ မြောက်ကိုရီးယားက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲရေး ပိုပြီးလွယ်ကူစေဖို့ အဲဒီဆုံးဖြတ်ချက်အပေါ် ဗီတိုအာဏာသုံးခဲ့တာဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း အဲဒီကုလသမဂ္ဂအဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Takeuchi Maiko က NHK ကို ပြောပါတယ်။