ဘေးကင်းလုံခြုံရေးအစီအမံသစ်နဲ့ Shiretoko မှာ အပျော်စီးသင်္ဘောတွေ ပြန်လည်ပြေးဆွဲ

ဟော့ကိုင်းဒိုး အရှေ့ပိုင်း Shari မြို့က အပျော်စီးသင်္ဘောတွေကို စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီတွေက အခုရာသီအတွက် ခရီးစဉ်တွေကို စတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ သင်္ဘော ၂ စင်းနဲ့ ခရီးသည် ၆၀ လောက် ခရီးထွက်ခဲ့ကြပါတယ်။ ခရီးသည်တွေကို အရေးပေါ်အခြေအနေဖြစ်ပွားချိန်မှာ သူတို့ရဲ့ တည်နေရာ သတင်းအချက်အလက်တွေကို တခြားသင်္ဘောတွေဆီ ပေးပို့တဲ့ လက်ကိုင်စက်တွေကို ပေးထားပါတယ်။

၂၀၂၂ ခုနှစ်က Shiretoko ကျွန်းဆွယ်ကမ်းလွန်မှာ လူတွေသေဆုံးခဲ့ရတဲ့ အပျော်စီးသင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီးနောက်မှာ Utoro ဆိပ်ကမ်းမှာ အခြေစိုက်တဲ့ အပျော်စီးသင်္ဘောပြေးဆွဲတဲ့ကုမ္ပဏီတွေရဲ့ အဖွဲ့အစည်းတစ်ခုက ဘေးကင်းလုံခြုံရေး စည်းမျဉ်းတွေကို သူတို့ဘာသာ ချမှတ်ခဲ့ပါတယ်။ အခုရာသီကစပြီး ဒီအဖွဲ့အစည်းက အဲဒီလက်ကိုင်စက်ကိရိယာကို စတင်အသုံးပြုနေပါတယ်။

ခရီးသည်တွေအနေနဲ့ လက်ကိုင်စက်ပေါ်က ခလုပ်တစ်ခုကို နှိပ်လိုက်ရင် ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ် (GPS) ကို အသုံးပြုပြီး သူတို့ရဲ့ တည်နေရာဆိုင်ရာ အချက်အလက်တွေကို တခြား အပျော်စီးသင်္ဘော ကုမ္ပဏီတွေ ဒါမှမဟုတ် ငါးဖမ်းလှေတွေဆီကို ပေးပို့နိုင်ပါတယ်။

ဟော့ကိုင်းဒိုးခရိုင် Sapporo မြို့က အမျိုးသမီးခရီးသည်တစ်ဦးက ဝန်ထမ်းတွေရဲ့ ရှင်းလင်းပြောကြားချက်တွေနဲ့ ဒီလက်ကိုင်စက်ကြောင့် သူ့အနေနဲ့ ဘေးကင်းလုံခြုံမှုကို ခံစားရတယ်လို့ ပြောပါတယ်။

Utoro က အပျော်စီးသင်္ဘော ပြေးဆွဲမှုတွေကို အောက်တိုဘာလနှောင်းပိုင်းအထိ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။