အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာမြို့မှာ အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့တယ်လို့ Al Jazeera ပြော

ကာတာအခြေစိုက် ဂြိုဟ်တုရုပ်မြင်သံကြား သတင်းဌာန Al Jazeera က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်းရှိ Rafah မှာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

အစ္စရေးစစ်တပ်ဟာ မြို့တွင်းရှိ အိမ်သုံးလုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီရုပ်သံသတင်းဌာနက တနင်္လာနေ့မှာ အစီရင်ခံခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ အဲဒီနေရာမှာ မြေပြင်ထိုးစစ်ဆင်ဖို့ အသင့်ရှိပြီဆိုတာ ပြသနေပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ လုပ်ငန်းတွေ ပြန်စမယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ World Central Kitchen က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဝန်ထမ်းခုနစ်ဦး သေဆုံးပြီးနောက် ယခုလအစောပိုင်းတွင် အဲဒီအဖွဲ့ဟာ လုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။

အဲဒီအဖွဲ့က "အစာရေစာငတ်ပြတ်မှုအဆိုးရွားဆုံးဖြစ်နေတဲ့ကာလအတွင်း ကျွေးမွေးတာတွေကို ရပ်တန့်ပစ်ဖို့ ဆုံးဖြတ်ချက်ချရေး ကျွန်တော်တို့တတွေ တွန်းအားပေးခံခဲ့ရတယ်၊ ဒါမှမဟုတ် အကူအညီတွေ၊ အကူအညီပေးရေးလုပ်သားတွေနဲ့ အရပ်သားတွေ ခြိမ်းခြောက်ခံနေရတယ်ဆိုတာ သိလျက်နှင့် ဆက်ပြီးကျွေးမွေးနေရတယ်" လို့ ပြောပါတယ်။

"နောက်ဆုံးမှာတော့၊ အခက်ခဲဆုံးအချိန်တွေအတွင်း လူတွေကို စားနပ်ရိက္ခာထောက်ပံ့ဖို့ ကျွန်တော်တို့ရဲ့တာဝန်ကို ဆက်ပြီးလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်" လို့ ဖြည့်စွက်ပြောဆိုပါတယ်။

Rafah Crossing ကို ဖြတ်ကျော်ဝင်ရောက်ဖို့ စားစရာ အနပ် ၈ သန်းနီးပါးနဲ့ ညီမျှတဲ့ ထရပ်ကား ၂၇၆ စီးရှိကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။ ဂါဇာကမ်းမြောင်ထဲကို ပင်လယ်ကတစ်ဆင့် ရိက္ခာပို့ဆောင်ဖို့လည်း စီစဉ်ထားပါတယ်။